လက်ဖက်ရည်ကြမ်း ဋီကာ !

in #myanmar6 years ago (edited)

မင်္ဂလာနေ့လေးပါရှင်။ ကျွန်မတို့ မန္တလေးမှာတော့ မိုးက ဘယ်ဆီနေမှန်းမသိပဲ ပူလောင်အိုက်စပ်နေကြရပါတယ်။ ပူလွန်းလို့ ထမင်းစားရတာလည်း ခံတွင်းမတွေ့ စိတ်တွေကော လူတွေကော အိုက်ပြီး နွမ်းလျနေလို့ ဘာကိုမှ သေချာအာရုံမစိုက်နိုင်ဘူးဖြစ်နေလို့ ရေနွေးကြမ်း ခါးခါးလေးတစ်ခွက် ထသောက်လိုက်ပါတယ်။ ပင်လောင်းလက်ဖက်ခြောက် မွှေးမွှေးလေးမို့လို့ ရေနွေးလေး လောင်းထည့်လိုက်တာနဲ့ တက်လာတဲ့ လက်ဖက်ခြောက် နံ့လေးက အာရုံကို လန်းဆန်းသွားစေပါတယ်။ ဘယ် အားဖြည့်အချိုရည်တွေ ဘယ်လိုကောင်း ကောင်း ရေနွေးကြမ်းကြိုက်တဲ့ ကျွန်မအတွက်တော့ ကိုကာကိုလာ ဘာညာသာရကာတွေ ထက် ရေနွေးကြမ်းလေးမှ သောက်လိုက်ရရင် ရေငတ်လည်းပြေ အမောလည်းပြေကာ နေလို့ထိုင်လို့ လန်းဆန်းသွားပါတယ်။ ဒါကြောင့်မို့လည်း သူငယ်ချင်းတွေက ကျွန်မကို ချစ်စနိုးနဲ့ အဖွားကြီးလို့ ခေါ်ကြတာဖြစ်မယ်ရှင့်။
received_1864590163601099.jpeg
Img:ဒီနေရာလေးက အမေ့အိမ်လေးလေ ဒီနေရာလေးမှာ ရေနွေးကြမ်းထိုင်သောက်ရတာကို အရမ်းသဘောကျတာ။

ရေနွေးကြမ်းသောက်တဲ့နေရာမှာလည်း ကျွန်မက ရေနွေးထည့်သောက်မယ့် ခွက်ကို ရွေးသေးတာ။ ဒီအတိုင်း တွေ့ကရာခွက်နဲ့ သောက်ရတာထက် သေချာ ရွေးပီး သောက်ရတာကလည်း ရေနွေးရဲ့ အရသာကို ပိုမိုထိမိ စေတယ်လို့ ထင်မိသေးတယ်ရှင့်။ ဥပမာ စတီးခွက်နဲ့ ထည့်ထားတဲ့ ရေနွေးနဲ့ ဖန်ခွက်နဲ့ ထည့်ထားတဲ့ ရေနွေး ဘယ်ဟာက ပိုပြီး အနံ့အရသာ ပိုကောင်းမယ်လို့ ထင်ကြလဲဟင်။ ကျွန်မကတော့ စိတ်ကပဲ ထင်လို့လားတော့မသိ စတီးခွက်တွေနဲ့ ရေနွေးသောက်ရတာ တော်တော် အရသာပျက်ပါတယ်။ ဖန်ခွက် သို့မဟုတ် ကြွေခွက် လေးနဲ့ ထည့်သောက်မှ သူ့အနံ့အရသာ အမှန်ထွက်တယ်လို့ မှတ်တာပဲ ။
17-16-30-3a3f41901e53edfcf0acf3cd58f2a29b.jpg
Crd-img-src

အဲ့ဒါကြောင့်မို့လို့လည်း ရေနွေးကြမ်းထည့်သောက်တဲ့ ကြွေအိုးလေးတွေ ကြွေခွက်လေးတွေ ဖန်ခွက်လေးတွေ ကို အခွင့်သင့်တိုင်း ၀ယ်ဖြစ်ပါတယ်။ အော် နောက်ထပ် ဇီဇာကြောင်တာတစ်ခု ထပ်ရှိသေးတယ်ရှင့်။ အဲ့ဒါက ရေနွေးကြိုမယ့် ရေကလည်း ရေသန့်လေးနဲ့ဆို ပိုကောင်းပါတယ်။ ဒါကတော့ ကိုယ်နေထိုင်ရာ အရပ်ဒေသအလိုက် ရေထဲပါဝင်တဲ့ ထုံးဓါတ် နဲ့ အခြားသော အညစ်အကြေး ပါဝင်မှုတွေကြောင့် ရေနွေးကျိုသောက်တဲ့အခါမှာ အရသာကို ဖျက်ဆီးစေနိုင်တယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့်လည်း ကိုရီးယား ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ချန်ဂင် ကားထဲမှာ မင်းကြီးကို ဆက်သဖို့ ခေါက်ဆွဲအေး ဟင်းရည်လုပ်တဲ့နေရာမှာ စိမ့်စမ်းရည်ကို မရမက သွားယူဆောင်ခဲ့တာနဲ့တူပါတယ်။ ရေမှာလည်း သူဖြတ်သန်းစီးဆင်းရာ တလျှောက်က ဓါတုပစ္စည်းတွေ အနည်းနဲ့ အများ ပါဝင်တဲ့အတွက် အရသာတွေ ကွဲလွဲနေတတ်တယ်မဟုတ်လား။
17-16-13-9k=.jpg
Crd-img-src

လက်ဖက်ရည်ကြမ်း သောက်ခဲ့ကြတဲ့ ဓလေ့ကတော့ တရုတ်ပြည် ရှန်နွန်မင်းဆက်ကတည်းက အစပြုပြီး ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ဒီခေတ်မှာတော့ ကမ္ဘာအနှံ့ ရေနွေးကြမ်းသောက်တဲ့ ဓလေ့ဟာ ပျံ့နှံ့လျှက်ရှိနေပါပြီ ။ အဓိက ကုန်ကြမ်း ဖြစ်တဲ့ လက်ဖက်စိုက်ပျိုးရေးကိုတော့ အာရှတခွင်မှာ တွင်တွင်ကျယ်ကျယ် စိုက်ကြ ပျိုးကြ ထုတ်လုပ်ကြပါတယ်။ အဲ့လို လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှုဟာ အလကားနေရင်း တွင်ကျယ် ထွန်းကားလာတာတော့မဟုတ်ပါဘူး သူ့ရဲ့ ကျန်းမာရေး အကျိုးပြုတဲ့ ဂုဏ်သတ္တိတွေ ကြောင့် ပေါ်ပြူလာဖြစ်လာခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူ့ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုစေတဲ့ အချက်လေးတွေကို ဝေမျှလိုက်ပါတယ်။

17-19-28-maxresdefault.jpg
Crd-img-src

၁။ လက်ဖက်ထဲမှာ polyphenols ဆိုတဲ့ ဓါတ်တစ်မျိုးပါတာကြောင့် ကင်ဆာ ကို ကာကွယ်နိုင်ပြီး ယောင်ယမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။
၂။ နောက်ပြီး လက်ဖက်ရဲ့ ကဖင်းဓါတ်ဟာ ဦးနှောက်ကို လန်းဆန်း တက်ကြွနေစေဖို့ နှိုးဆွနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းရဲ့ ကဖင်းဓါတ်ဟာ ကော်ဖီထဲမှာ ပါတဲ့ ကဖင်းလောက် ပမာဏ မများပဲ ခန္ဓာကိုယ်အတွက် လုံလောက်ရုံမျှသော ပမာဏသာ ပါရှိတာမို့လို့ ဥပါဒ်မဖြစ်စေပါဘူး။ လုံလောက်တဲ့ ကဖင်းဓါတ်ဟာ ဦးနှောက်မှတ်ဥာဏ်ကိုလည်း တိုးတက်စေသလို စိတ်ကိုလည်း ကြည်လင်စေတာမို့ စာသင်သားတွေ အနေနဲ့ လက်ဖက်ရည်ကြမ်းလေး သောက်သုံးသင့်ပါတယ်။ နောက်ပြီး လက်ဖက်ရည်ကြမ်းမှာ ပါတဲ့ နောက်ထပ် ဓါတ်တစ်မျိုးဖြစ်တဲ့ L-theanine ဓါတ်ဟာလည်း စိတ်ကို တည်ငြိမ်စေအောင် လုပ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
၃။ နောက်ထပ် အကျိုးကျေးဇူးလေးက ပျိုမေတို့အတွက် စိတ်ဝင်စားစရာပါပဲ ။ ဒါကတော့ အဆီတွေကို လောင်ကျွမ်းပေးနိုင်ခြင်းနဲ့ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို မြန်ဆန်စေခြင်း ဖြစ်ပါတယ်။
၎။ လက်ဖက်ရည်ကြမ်းရဲ့ ကြွယ်ဝတဲ့ antioxidants တွေကြောင့် သူ့ကို သောက်သုံးပေးခြင်းဟာ အရွယ်တင် နုပျိုစေသလို Breast cancer, Prostate cancer နဲ့ Colorectal cancer ဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။
၅။ နောက်ထပ်အကျိုးကျေးဇူးကတော့ လက်ဖက်ရည်ကြမ်းဟာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန် ရောဂါဖြစ်ပွား မှုကို သိသိသာသာ လျော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။
၆။ လက်ဖက်ရည်ကြမ်းဟာ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်သလို ခုခံစွမ်းအားကိုလည်း တိုးတက်စေနိုင်ပါတယ်။
၇။ နောက်တစ်ချက်က လက်ဖက်ရည်ကြမ်းဟာ သွေးထဲက အချိုဓါတ်ကို ချေဖျက်ပေးတာမို့လို့ ဆီးချို သွေးချို ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်ရှင်။ ပုံမှန်သောက်သုံးပေးတဲ့သူတွေကို ဆီးချိုဖြစ်ပွားမှု ၁၈ % အထိ လျှော့ချပေးတယ်လို့ သိရပါတယ်။
၈။ နံပါတ် ၈ အချက်ကတော့ နှလုံးရောဂါ နဲ့ လေဖြတ်ရောဂါ ကို လျော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။
အခု ဖော်ပြပေးခဲ့တဲ့အချက်တွေ သိပြီးသွားရင် ရေနွေးကြမ်းသောက်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကိုလည်း အတော်အသင့် သိသွားလောက်ပြီဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာရာသီဥတုနဲ့ မြန်မာတွေရဲ့ အစားအသောက် ပုံစံအရ ရေနွေးကြမ်းဟာ အလွန်သင့်တော်သော အရည်တစ်မျိုးဖြစ်တယ်လို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ မြန်မာတွေက ထမင်းစားရင်လည်း ဟင်းက ဆီပြန်လေးနဲ့ မုန့်တွေစားပြန်ရင်လည်း အချို တွေ အဆိမ့်တွေ စားလေ့ရှိကြတာမို့ အဆီတွေကို ချေဖျက်ဖို့ရာ အတွက်ရေနွေးကြမ်းလေး သောက်ပေးသင့်ပါတယ်။ ရာသီဥတု ပူနေတဲ့အချိန်မှာ ရေနွေးကြမ်းပူပူကို မှုတ်သောက်ပြီး ထွက်လာတဲ့ ချွေးလေးတွေကို လေတိုးလို့ အေးမြမြ ဖြစ်သွားတဲ့ ခံစားချက်ကလည်း သဘောကျစရာကောင်းလှပါတယ်။

အညာဘက်က တောင်သူဦးကြီးတွေလို နေ့လည်နေ့ခင်း နေပူတဲ့အချိန်မှာ သစ်ပင်ရိပ်အောက်က ကွပ်ပျစ်လေးပေါ် ထိုင်ပြီး ရေနွေးကြမ်းလေးသောက် ဆိတ်သားခြောက်ဖုတ်လေးစား ရတဲ့အရသာဟာ ဘာနဲ့မှ လဲလို့ မရနိုင်လောက်အောင်ပါပဲ။ ညဘက်တွေဆိုရင်လည်း ရေနွေးကြမ်းဝိုင်းလေးနဲ့ သက်ကြီးစကား သက်ငယ်ကြား တဲ့ ဓလေ့လေးတွေကို ဆက်လက် တည်မြဲနေစေချင်ပါသေးတယ်။ သူတို့ရဲ့ ဘ၀နဲ့ရင်းပြီး ဖြတ်သန်းလာရတဲ့ အတွေ့အကြုံတွေကို ရေနွေးကြမ်းလေးသောက်ပြီး အာဇ၀န်းရွှင်နေတုန်းမှာ ပြောပြလေ့ရှိတာမို့ လူငယ်တွေအနေနဲ့ သင်ယူစရာ မှတ်သားစရာတွေ သင်ခန်းစာယူစရာတွေလည်း အများသားမဟုတ်လား။

နောက်ပြီး ခုခေတ် ကော်ဖီဆိုင်လှလှလေးတွေလို ရေနွေးကြမ်းဆိုင် လှလှလေးတွေလည်း ပေါ်လာစေချင်ပါသေးတယ်။ ကျွန်မစိတ်ကူးထဲကအတိုင်းဆိုရင် လင်းလင်းကျင်းကျင်းနဲ့ ရိုးရိုးရှင်းရှင်း အပြင်အဆင်လေးရှိတဲ့ ဆိုင်လေးမှာ ကမ္ဘာအရပ်ရပ်က နာမည်ကျော် လက်ဖက်ရည်ကြမ်းမျိုးစုံ ကို နားအေးပါးအေး မှာယူသောက်သုံးလို့ ရမယ့်ဆိုင်လေးတစ်ခု ။ အဲ့ဒီ့ဆိုင်လေးမှာ လက်ဖက်ရည်ကြမ်းနဲ့ လိုက်ဖက်တဲ့ ZEN ပန်းချီကားလေးတွေ ၊ လူလုပ် ရေတံခွန် အသေးလေးတွေ ၊ ငြိမ့်ညောင်းတဲ့ တီးလုံးလေးတွေ တိုးတိုးသက်သာဖွင့်ပြီး ဆိတ်ငြိမ်နေအောင် လုပ်ပေးထားစေချင်တယ်။ ကျွန်မတို့ စတီးမစ်က မိတ်ဆွေများနဲ့လည်း အဲ့လိုဆိုင်လေးမှာ ထိုင်ပြီး အတွေ့အကြုံလေးတွေ တိုင်တိုင်ပင်ပင် ပြောဆိုကြရရင် သိပ်ကောင်းမှာပဲ လို့ စိတ်ကူးယဉ်နေမိပါသေးတယ်။
ဂျပန် နိုင်ငံမှာလည်း လက်ဖက်ရည်ကြမ်းကို အနုပညာတစ်ရပ်အနေနဲ့ကို သောက်သုံးကြတာတွေ့ရပါတယ် ။ သို့သော် သူတို့ရဲ့ လက်ဖက်ခြောက်က ကျွန်မတို့ မြန်မာပြည်ကလို အရွက်ခြောက်လေးတွေတော့မဟုတ်ဘဲ အရွက်အစိမ်းမှုန့်လေးတွေကို ၀ါးတုတ်လေးနဲ့ မွှေပြီး သောက်ကြရတာဖြစ်လို့ အမှုန့် အနည်းအများ အချိုးအဆ ကလည်း ပညာသားပါတယ်လို့ သိရပါတယ်။ နောက်ပြီး သူတို့ဆီက ကဗျာတစ်ချို့မှာ လည်း ရေနွေးကြမ်းစပ်ပေးတဲ့ မိန်းခလေးတွေရဲ့ သိမ်မွေ့တဲ့လှုပ်ရှားမှုကို တခုပ်တရ ထည့်စပ်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အစွဲအလန်းကြီးသူပီပီ အဲ့ဒီ့အမှုန့်နဲ့ ဖျော်သောက်ရတဲ့ ရေနွေးကြမ်းကို သောက်မကြည့်ချင်ပါဘူး ။ ကိုယ့်ရိုးရာ နဲ့ ကိုယ့်ရေနွေးကြမ်းလေးကိုပဲ သဘောကျ နှစ်ချိုက်ပါတယ်လေ။
received_1864590093601106.jpeg
Crd-img-src

မနှစ်က ပင်လောင်းဘက်ကို ခရီးထွက်တော့ တောင်ကုန်းတွေပေါ်မှာ လက်ဖက်စိုက်ခင်းတွေကို အားပါးတရ တွေ့ခဲ့ရသလို ပင်လောင်းဈေးမှာလည်း လက်ဖက်ခြောက်တန်းမှာ အားပါးတရ ၀ယ်ခဲ့ရသေးတယ်။ လက်ဆောင်ပေးဖို့ရော ၊ အိမ်မှာသောက်ဖို့ပါ လက်ဖက်ခြောက်တွေ ၀ယ်လိုက်ကြတာဟာ ပျော်စရာကောင်းလို့ မပြန်ချင်အောင်ဖြစ်ရပါသေးတယ်။ အဲ့ဒီ့မှာပဲ လက်ဖက်လိမ်းတယ် လို့ ခေါ်ကြတဲ့ လက်ဖက်ခြောက်လုပ်မယ့် လက်ဖက်ရွက်လေးတွေကို ပေါင်းခံပြီး လက်နဲ့ ဖိလိပ်နေပုံကိုလည်း ဒေသန္တာရ ဗဟုသုတ အဖြစ် တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး ဆံပင်သန်စေတဲ့ လက်ဖက်ဆီ လည်း ၀ယ်လာခဲ့ပေမယ့်လို့ စေးကပ်ကပ်ကြီးဖြစ်တာမို့ မသုံးတော့ မသုံးဖြစ်ဘူး။ လက်ဖက်ခြောက်တန်းနား မရောက်ခင် ခပ်လှမ်းလှမ်းလောက်ကတည်းက ပျံ့လွှင့်နေတဲ့ မွှေးပျံ့လှတဲ့ လက်ဖက်ခြောက်အနံ့ဟာလည်း ဆိုင်ထဲမလာချင် လာချင်အောင် ဆွဲဆောင်နေပါတယ်။ လက်ဖက်ခြောက် ၀ယ်ပြီး ပင်လောင်းကအထွက် လမ်းတစ်လျှောက်လုံးမှာလည်း ပလိုင်းကိုလွယ် လက်ဖက်ကိုခူးနေတဲ့ ရှမ်း၊ပအို့ ပျိုဖြူလေးတွေကိုလည်း မျက်စိပသာဒ မြင်ခဲ့ရလို့ အဲ့ဒီ့ခရီးစဉ်ကို ပြန်တွေးတိုင်း ကျေနပ်ရပါတယ်။
received_1864617926931656.jpeg
ဒါက စာရေးသူ လက်ဖက်ခြောက်ဆိုင်တနးကအပြန် ရိုက်ခဲ့တဲ့ပုံ (Oct 2007)

ကျွန်မအတွက်တော့ ဒီနေ့အတွက် စတီးမစ်မှာ ပို့စ်တင်ရန် အလို့ငှာ လက်ဖက်ရေကြမ်းလေးသောက်ရင်း သူ့အကြောင်းရေးရင်း အဆင်ကိုပြေနေတာပါပဲ။ စတီးမစ်က မိတ်ဆွေများလည်း အကြံကုန်ရင် ဆားမချက်ဘဲ ရေနွေးကြမ်းသာ သောက်ကြပါလို့ စေတနာရှေ့ထားပြီး တင်ပြလိုက်ပါတယ်ရှင်။ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။

@suhtetaung
MSC 264
17/7/2018

Sort:  

လက်ဘက်ဆိုတာ ရှေးမြန်မာဘုရင်များထက်ထက်က အခွန်တော်အများဆုံး ကောက်ခံခဲ့တဲ့ ကုန်ပစ္စည်း၊ အလွန်တန်ဖိုးထားတဲ့ကုန်ပစ္စည်းဖြစ်ခဲ့ပါတယ်ဗျာ၊ ဆရာတို့ဇနီးမောင်နှံက လက်ဘက်ရည်ကောင်းကောင်းငောက်ရအောင် အိုးရှင်းစင်တာက ကော်ဖီဆိုင်ကလေးကို နှစ်ပတ်တစ်ခါလောက်သွားသောက်ရတာ။

ဟုတ်ကဲ့ဆရာ ။နောက်များ အခွင့် ကြုံရင် လက်ဖက်ခြောက်ကောင်းကောင်း လက်ဆောင်ပေးချင်ပါတယ်ရှင် ။

လူတိုင်းကြိုက်သောရေနွေးကြမ်းပါ

ဟုတ် တချို့တွေက သောက်တတ်ကြဘူး မမရဲ့ ရေနွေးကြမ်းသောက်တာ အသက်ကြီးတဲ့သူတွေပဲကြိုက်ကြတာလို့ ထင်နေကြတဲ့ သူငယ်ချင်းတွေရှိတယ်။

လက်​ဖက်​ရည်​ကြမ်းရဲ.ကျန်းမာ​ရေးအတွက်​အကျိုးရှိတာအများကြီးဘဲ​နော့....​ရေ​နွေးကြမ်း​သောက်​ရတာနှစ်​သက်​ပါတယ်​....

အကြိုက်ချင်းတူတာပေါ့ အပြင်မှာလည်း အားလုံးနဲ့ ဆုံပြီး ရေနွေးကြမ်းသောက်ချင်ပါသေးတယ်။

enjoy your holiday beautiful pictures

Thank you friend.

တင်ပြချက်ပြည့်စုံလွန်းလို့ချက်ချင်းပဲသောက်ချင်လာတယ်သမီးရေ

ဟုတ် တီတီရေ လန်းဆန်းအမောပြေ လက်ဖက်ရည် လေးပါရှင့် ။

‌ရေ‌နွေး ကြမ်းက မိုး‌ရေအ‌ကောင်းဆုံး ညီမ။အညာသူအညာသား‌တွေက ‌ရေ‌နွေးကြမ်း ပိုကြိုက်‌တယ်‌။

ဟုတ်တယ်နော် မိုးရေလေးနဲ့ လည်း ကျိုသောက်ဖူးတယ် ကောင်းမှကောင်းပဲ ကိုမဟော်ပြောမှ သတိရသွားတာ ။

ချက်ခြင်းပဲ သောက်လိုက်ပါ့မယ်လိုစ့်☕☕

သောက်လိုက်ပါလို့ လန်းဆန်းသွားစေရပါမယ်လို့

ဒီလိုနေပူပူနဲ့ ရေနွေးကြမ်းသောက်ရတာ အရသာပိုရှိတယ် ဗျာ 😊😊😊

အေးဆို ချွေးလေးစို့လာရင် ခဏနေအေးသွားရော ။

တစ်ကယ်တမ်းကရေနွေးကြမ်းဟာတစ်ကယ်ဆေးဖက်ဝင်တယ်။ ထမင်းစားပြီးရင်တောင်ရေအေးမသောက်နဲ့။ ရေနွေးကြမ်းပဲသောက်သင့်တယ် ။ ဂျပန်လူမျိုးတွေဟာ အဲ့လိုသောက်လို့အသက်ရှည်တာလို့ဖတ်ဖူးတယ်။

ဟုတ်တယ်နော်

ရေခဲရေထက် လက်ဖက်ရည်ကြမ်းပဲသောက်ဖြစ်တယ်ဗျ

ဟုတ်လား ကျန်းမာရေးအတွက် ကောင်းတာပေါ့။