အမှန်တရားကို သော့ခတ်လိုက်သောအခါ
22-May-2018 tagged as ပညာရေး
အမှန်တရားက လမ်းလျှောက်နေဆဲမှာ
မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးနေပြီတဲ့။
ဒီစကားဟာ ဒီဘက်ခေတ်မှာ တွင်ကျယ်လာတယ်။ အကြောင်းက အမှန်တရားဟာ မျက်ကွယ်ပြုခံရပြီး အလိမ်အညာမုသားတွေက မင်းမူနေကြ လို့ပဲလား။ ဒါမှမဟုတ် အကြောက်တရားနဲ့ အုပ်ချုပ်ခံခဲ့ရတဲ့ ကာလတွင်းမှာ အမှန်တရား ကွယ်ပျောက်နေခဲ့ပေမယ့် ပွင့်လင်းမြင်သာတဲ့ခေတ်မှာ အမှန်တရားက ဘာ့ကြောင့်ခေါင်းမထောင်လာတာလဲဆိုတဲ့ မေးခွန်းကြောင့်ပဲလား။ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အကြောက်တရားကြောင့် အမှန်တရားတွေ မျက်ကွယ်ပြုသွားနိုင်တာမျိုးတွေတော့ မဖြစ်ဖို့လိုလာပြီ။
ပုခက်လွှဲတဲ့ မိခင်ရဲ့လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်လို့ ဆိုခဲ့ဖူးတယ်။ ကလေးတွေဟာ မိခင်ရဲ့ ပြုစုပျိုးထောင်မှုအောက် ထိန်းသိမ်းမှုအောက်မှာ ကြီးပြင်းလာကြလို့ပေါ့။ တကယ်တော့ ကလေးတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အချိန်ကာလတွေကိုကြည့်ရင် ကျောင်းနေစ အရွယ်ကစလို့ သင်ကြားသင်ယူမှု ကာလတစ်လျှောက်လုံးမှာ အများဆုံး ထိတွေ့ဆက်ဆံရတာက မိဘနဲ့အတူ ဆရာ၊ ဆရာမတွေလည်း ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ အချိန်ကာလ အများဆုံးထိ တွေ့ခဲ့ကြရတာပါ။ ရံဖန်ရံခါမှာ မိဘကို ကျော်လွန်ပြီးတောင် ဆရာ၊ ဆရာမတွေရဲ့ ဆိုဆုံးမလမ်းညွှန်မှုတွေကို ပိုပြီးလက်ခံကြတဲ့ အနေအထားမျိုးတောင် ရှိပါသေးတယ်။ ဆိုလိုရင်းကတော့ ဆရာ၊ ဆရာမတွေရဲ့ အသိဉာဏ်ပညာ မြင့်မားမှု၊ တွေးခေါ်မြော်မြင်နိုင်မှု မြင့်မားရင် မြင့်မားသလောက် ကလေးတွေကို လွှမ်းမိုးနိုင်တယ်။ လိုချင်တဲ့ပုံကို ထုဆစ်ပုံဖော်နိုင်တဲ့သဘောပါပဲ။
ဒီခေတ်ကလေးတွေကို ခပ်ပေါ့ပေါ့ သဘောထားလို့ မရပါဘူး။ သူငယ်တန်းအရွယ်ကတည်းက ဖုန်းနဲ့တက်ဘလက်နဲ့ ကြီးပြင်းလာသူတွေရှိတယ်။ တချို့မိဘတွေကိုယ်တိုင်က Game ဆိုင်တွေ ပို့ပေးတယ်။ အားပေးမှုတွေရှိတယ်။ အခြေခံပညာ အထက်တန်းဆင့်လောက် ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုရင် Internet, e-mail ကစလို့ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ်။ လိုချင်တဲ့အပိုင်းကို Download လုပ်တာ၊ Search Engin မှာ ရှာဖွေတတ်တာ။ ကျွမ်းမှကျွမ်းဗျာ။ ပြောရရင် သာမန် ဆရာ၊ ဆရာမ မလုပ်တတ်တဲ့ ကျွမ်းကျင်မှုမျိုးတွေတောင် လုပ်တတ်တယ်။
တစ်နေ့က ကျောင်းသားတစ်ဦးက မေးတယ်။ ဆရာတဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတောင် ငြိမ်းချမ်းသွားပြီနော်တဲ့။ သေချာတာပေါ့။ အဲဒီနိုင်ငံအကြောင်းတွေ Internet မှာ ပလူပျံနေတာကိုး။ တစ်နေ့ကပဲ ပြည်တွင်းမှာ စစ်ပွဲတွေဖြစ်တာ ကြားရပြန်တယ်ဆရာ။ ပြန်မလာတော့မှန်း သိရတဲ့ ရှေ့တန်းထွက်စစ်သည်တစ်ဦးရဲ့ သမီးလေးနဲ့ သူ့ဇနီးက မျှော်လင့်ချက်တွေနဲ့ လာကြိုနေတာ ဆရာ။ လက်ထဲမှာလည်း နှင်းဆီပန်းလေး ကိုင်လို့။ ကလေးက သနပ်ခါး အဖွေးသား ပါးပြင်နှစ်ဖက်မှာ ဖြတ်သန်းစီးဆင်းဝင်လာတဲ့ မျက်ရည်စီးကြောင်းတွေနဲ့။ ဝမ်းနည်းစရာ ကောင်းလိုက်တာ ဆရာရယ်တဲ့။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ပုံတွေ။ ဟိုဘက်ဒီဘက် ပစ်ခတ်နေတဲ့ မြင်ကွင်းတွေ နှစ်ဖက်စလုံး နိုင်ငံသားတွေ အတုန်းအရုန်း သေကြနေကြတာတွေ။ ငြိမ်းချမ်းရေးဆိုတာ ဘာလဲ။ ရင်ကြားစေ့လို့ မရနိုင်တဲ့အရာလား။ ဘာတွေအတွက် စစ်ဖြစ်နေကြတာလဲ။ ကလေးတွေကို ဘယ်လို အဖြေမျိုးပေးရမလဲ။
စာသင်တယ်ဆိုတာ စိတ်ကိုပြင်တာပါ။ တစ်ခါတလေ စာသင်ရင်း အကြောင်းတိုက်ဆိုင်တာလေးတွေ ပြောဖြစ်ကြတာပေါ့။ ကလေးတစ်ဦးက မေးတယ်။ ဆရာတဲ့။ လူတစ်ယောက်ကို လူမြင်ကွင်းမှာ တုတ်နဲ့ရိုက်တယ်၊ ဓားနဲ့ထိုးမယ်၊ သေနတ်နဲ့ပစ်မယ်ဆိုရင် ဘာဖြစ်မလဲတဲ့။ ရှင်းနေတဲ့ကိစ္စပဲ။ တုတ်နဲ့ရိုက်လို့ နာကျင်ဒဏ်ရာရရင် ပုဒ်မတစ်မျိုး၊ သေသွားရင် တစ်မျိုးရှိတာပေါ့။ သေသွားရင်တော့ ဒါက လူသတ်မှုပဲ။ သက်သေ သာဓက ခိုင်လုံရင် အသေအချာ အပြစ်ပေးရမှာပါပဲ။ အပြစ်ဒဏ်လည်း ကျခံရမှာပဲ။ ဆရာရယ်တဲ့။ လူမြင်ကွင်းမှာ လူသေအောင်သတ်ကာ သိသိကြီးနဲ့၊ မြင်ရဲ့သားနဲ့ အပြစ်မပေးနိုင်ရတာတွေ ဘာ့ကြောင့် ရှိရနေရတာလဲတဲ့။ ဒီကလေး ဘာတွေကို သိနေတာလဲ၊ သူ ဘာဖြစ်စေချင်တာလဲ။ အမှန်တရားဆိုတာ အခြေအနေ အချိန်အခါ နေရာတိုင်းမှာ အမြဲမှန်ကန်နေရမယ်ဆိုတာမျိုးလား။ အမှန်တရားဆိုတာ ဘယ်တော့မှ မကျရှုံးဘူးဆိုတာကို သက်သေပြချင်လိုက်တာ။
ဒီခေတ်ကလေးတွေကို ဘာမလုပ်နဲ့၊ ဘာမပြောနဲ့လို့ ပိတ်ပင်လို့မရပါ။ သူတို့သိချင်တာကို မေးတယ်။ ဆရာ၊ ဆရာမတွေက ဘယ်လိုဖြေရှင်းပေးပေး အားလုံးကို ခေါင်းမညိတ်ဘူး၊ လက်ခံချင်မှ လက်ခံတာ။ တစ်နေ့ကတော့ ကျောင်းသူတစ်ယောက်က မေးတာ။ ဆရာတဲ့ အမှန်တရားကို ပြောရင်ကောင်းလား၊ ဆိုးသလားတဲ့။ ဒါတော့ ရှင်းပါတယ်။ အမှန်တရားပဲ ပြောရမယ်။ ဗိုလ်ချုပ်တို့ ငယ်စဉ်က အမှန်ပဲပြောတာ။ မိဘတွေက စပါး ပေါက်ဈေးတက်တယ်လို့ပိုပြောတာကို ဗိုလ်ချုပ်က လက်မခံဘူး။ အမှန် ဖွင့်ပြောတာ။ သမိုင်းကိုတွင်လို့။ ဒီတော့ ကလေးတွေမှန်တာကိုပြောရင် လက်ခံရမယ်။ အမှန်တရားဘက်က ရပ်တည်ပေးရမယ်။ ဒီလိုခေတ်မျိုးမှာ အမှန်တရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသရဲတဲ့ သတ္တိမျိုး၊ စိတ်ဓာတ်မျိုး မွေးပေးနိုင်ရမှာ။ ဆိုချင်တာက အမှန်ပြောလို့ ရွာပြင်အထုတ်ခံရတာမျိုး မသိစေချင်တော့ဘူး။ မှန်တာပြောလို့ ဒုက္ခတွေ့တယ်ဆိုတာမျိုး မကြားစေချင်တော့ဘူး။ ကလေးတွေစိတ်ထဲမှာ အမှန်တရားဆိုတာ ငွေကြေးနဲ့လည်း ဖုံးလို့မရဘူး။ အာဏာပါဝါတွေနဲ့လည်း ဖျောက်ဖျက်ပစ်လို့ မရဘူးဆိုတာ သိနေစေချင်တယ်။
တကယ်တော့ ကလေးတွေရဲ့စိတ်ထဲမှာ ကလေးမို့သာ သူတို့သိချင်တာတွေ၊ မေးချင်တာတွေ၊ ဒွိဟဖြစ်နေတာတွေ အများကြီး ရှိမှာပဲ။ ဆရာ၊ ဆရာမတွေကိုလည်း အကုန်မေးရဲကြတာ မဟုတ်ဘူး။ သူတို့ချစ်ခင်ပြီး ရင်းနှီးမှုရှိတဲ့ ဆရာ၊ ဆရာမတွေသာ မေးရဲကြတာ။ တချို့ကလည်း ကလေးတွေ အမေးအမြန်းထူရင် ကြိုက်ကြတာမဟုတ်ဘူး။ တချို့ကျတော့လည်း၊ အခန်းထဲဝင်ကတည်းက သင်လိုက်တဲ့စာ အချိန်ကုန်လို့တောင် အမျှင်မပြတ် သေးဘူး။ ကလေးတွေနဲ့ ဟိုဟိုဒီဒီ ရောက်တတ်ရာရာလေးတောင် ပြောတာ မဟုတ်ဘူး။
ပြောရရင် ကလေးတွေမှာလည်း သိချင်စိတ်၊ စပ်စုချင်စိတ်ရှိတယ်။ သူတို့နည်းသူတို့ဟန်နဲ့ သိထားတာတွေ အများကြီး။ သူတို့လေးတွေနဲ့ ရင်းရင်းနှီးနှီးသာနေရင် အကုန်သိရတယ်။ ဆိုကြပါစို့ ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့လူ သတ်မှုတွေ ၃ လောင်းပြိုင်၊ ၄ လောင်းပြိုင်၊ ၅ လောင်းပြိုင်တွေ က ဘာကြောင့် ဖမ်းမမိတာလဲ။ ကွန်တိန်နာလိုက်မိတဲ့ မူးယစ်ဆေးဝါးတွေ ဘာ့ကြောင့် ပိုင်ရှင်မဲ့ဖြစ်နေရတာလဲ။ ပိုင်ရှင်မဲ့ သစ်တွေကလည်း ပေါမှပေါ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်က ကြိုးပမ်းတည်ဆောက်နေချိန်မှာ ဘာ့ကြောင့်ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် လုပ်နေကြတာလဲ။ ကလေးတွေးနဲ့ တွေးနေကြတာဆိုတော့ အဖြေမှန်ကို မသိနိုင်သေးဘူးပေါ့။ ဒါတွေက လူငယ်တွေရဲ့ သိလိုစိတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှု မရှိသေးတာပဲ။ တကယ်တော့ တရားဥပဒေစိုးမိုးမှု လျော့နည်းနေခြင်းဟာ မှန်ကန်တိကျတဲ့ ရလဒ်တစ်ခုအတွက် တိမ်သလ္လာဖုံးအုပ် ခံနေရသလိုပါပဲ။
ဂျပန်နိုင်ငံက လူငယ်တွေရဲ့ စိတ်ဓာတ်ပြုပြင်ရေးတစ်ခု အတုယူစရာ ကောင်းတယ်။ တိုက်တန်းနစ်သင်္ဘောမြုပ်တုန်းက အဲဒီသင်္ဘောပေါ်မှာ ဂျပန်အင်ဂျင်နီယာ ဆာမိုတိုဆိုသူတစ်ဦး ပါလာတယ်။ သူ့အသက်လွတ်မြောက်ဖို့ ကနွဲ့ကလျလုပ် ကလေးတစ်ယောက်ပွေ့ချီပြီး အသက်ကယ်လှေပေါ် တက်သွားတယ်။ အသက် လွတ်မြောက်သွားတယ်။ နောင်တစ်ချိန် တိုက်တန်းနစ်အကြောင်း စာအုပ်ထွက်လာတော့ ဂျပန်လူမျိုးဆာမိုတိုရဲ့ လုပ်ရပ်ကို သိသူတစ်ဦး ဖော်ထုတ်ရေးသားလိုက်တယ်။ ဂျပန်က ဆာမူရိုင်းတွေက နိုင်ငံနဲ့ လူမျိုးသိက္ခာကျလို့ အပြတ်ရှင်းဖို့ ကြံကြတယ်။ အဲဒီလိုနဲ့ ဆာမိုတိုတစ်ယောက် ဂျပန်နိုင်ငံက ပျောက်သွားတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ ပြဋ္ဌာန်းစာအုပ်မှာတော့ ဆာမိုတိုရဲ့အကြောင်းကို ထည့်သွင်းပြဋ္ဌာန်းလိုက်တယ်။ သမိုင်းရဲ့ အမှန်တရားကို ဘယ်လိုပုံစံမျိုးနဲ့မှ မဖုံးကွယ်ဘူး၊ အမှန်တရားကို ပြောင်ပြောင်တင်းတင်းပဲ ရင်ဆိုင်တယ်။ ဂျပန်လူမျိုးရဲ့စိတ်ကို ရဲရဲဝံ့ဝံ့ ပြင်ပြလိုက်တယ်။ ဒီကနေ့ ဂျပန်နိုင်ငံသားတွေရဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်က အံ့မခန်းပဲ။
အင်း ... ကလေးတွေရဲ့စိတ်ထဲမှာ အမှန်တရားဟာ အမြဲရှင်သန်နေတဲ့အကြောင်း၊ အမှန်တရားဆိုတာ ဘယ်တော့မှ ဖုံးကွယ်ထားလို့မရဘူးဆိုတာ သိစေချင်လိုက်တာ။ အတုယူ အားကျစေချင်လိုက်တာ။ တကယ်လို့သာ အမှန်တရားကို သော့ခတ်လိုက်မယ်ဆိုရင် ...