သူကနပိုလီယန်၊နောက်လူကဗိုလ်ချုပ်အောင်ဆန်း
အောင်မြင်လိုသူမှန်သမျှ၊၊အောင်မြင်နေသူမှန်သမျှထားရှိကြသောအခြေခံသဘောထားများထဲတွင်သည်းခံခြင်းတရား(ခန္တီတရား)နှင့်ဥပေက္ခာတရားထိုနှစ်ပါးပါဝင်သည်။ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီးကဥပေက္ခာသည်အဖ၊ခန္တီသည်အမိဟုညွှန်ပြခဲ့၏။ဥပေက္ခာ၏သဘောကိုညွှန်ပြရာ၌မိမိကိုကြည်ညိုလေးမြတ်သောသူ၊ပူဇော်သောသူ၊ချီးမြှောက်သောသူဟူ၍လည်းသာယာခင်မင်စိတ်အထူးမရှိ၊မိမိကိုပြစ်တင်ပြစ်မှားသောသူ၊ညှဉ်းပန်းနှိပ်စက်သောသူ၊ကဲ့ရဲ့ရှုတ်ချသောသူဟူ၍လည်းမသာယာခြင်း၊မုန်းတီးခြင်းမရှိ။ထိုနှစ်မျိုးနှစ်ဦးတို့၌စိတ်နှစ်မျိုးမရှိခြင်းကိုဥပေက္ခာပါရမီဟုဆိုလိုသည်ဟုညွှန်ပြတော်မူခဲ့ပါသည်။ယခုခေတ်အချို့လူများဆိုလျှင်သူများကိုရစရာမရှိအောင်မှိုချိုးမျှစ်ချိုးပြော၊ပက်ပက်စက်စက်ပြော၊တစ်ယောက်ထဲပြောအားမရှိ၍အုပ်စုဖွဲ့၊ယိမ်းတိုက်သလိုလူညှိပြီးနေရာအနှံ့ပြော၊ကိုယ့်ကိုပြောလာကဆက်ဆက်ထိမခံ၊ကက်ကက်လန်ရန်တွေ့၊အုပ်စုလိုက်သဲသဲမဲမဲစုပေါင်းအပုပ်ချ၊မကောင်းပြောလာသူဒို့ရန်သူသတ်မှတ်သူများသတိထားသင့်သောစိတ်ထားဟုဆိုနိုင်သည်။သည်းခံစိတ်ထားဆိုရာ၌အရာရာကိုသည်းခံခြင်းအပြင်ပူမှုအေးမှု၊ဆာလောင်မွတ်သိပ်မှုအထိပါသည်းခံနိုင်ရန်ခန္တီသဘောဆိုမိန့်ခဲ့ပါသည်။
အောင်မြင်မှုတစ်ခုရရှိရန်အချိန်ကာလတစ်ခုပေးရပါသည်။ထိုအချိန်ကာလကိုကြိုးစားနေချိန်၊ပြုစုပိုးထောင်နေချိန်၊ဘဝတည်ဆောက်နေချိန်၊ရုန်းကန်ဆဲကာလဟုသတ်မှတ်ကြသည်။ထိုကာလ၌စော်ကားခြင်း၊အထင်အမြင်သေးခြင်း၊ပျက်လိုပျက်စီးပြောဆိုခြင်း၊လူရာမသွင်းခြင်း၊ဘေးဖယ်ခြင်း၊လှောင်ပြောင်သရော်ခြင်းစသည်စသည်တို့မလွဲမသွေကြုံတွေ့ကြရပါမည်။ကိုယ့်ကိုကိုယ်ယုံကြည်မှုမြှင့်တင်၊ကိုယ်ရည်ကိုယ်သွေးမြင့်မားအောင်လုပ်၊ကိုယ့်လမ်းကိုယ်လျှောက်၍ကိုယ့်ပန်းတိုင်ကိုယ်ရောက်ရန်သာအာရုံပြုကြည့်ရပါမည်။တက္ကသိုလ်ပါမောက္ခချုပ်ကြီးသည်ဘွားကနဲပေါ်လာ၍ပါမောက္ခချုပ်ကြီးတန်းကနဲဖြစ်လာသည်မဟုတ်။ကကြီးခခွေး၊အေဘီစီ၊တစ်နှစ်သုံးလေးအော်ဆိုအော်ကျက်၊ကုန်းရေးရာမှပါမောက္ခချုပ်ကြီးများဖြစ်လာပါသည်။ထိုအချက်ကိုလက်ခံရပါမည်။အဆင့်ဆင့်ကြိုးစားယူရပါသည်။ကြိုးစားမေချိန်၌အပျက်စိတ်ထားဖြင့်ပြောကြားပိတ်ဆီးလာကဥပေက္ခာနှင့်ခန္တီတရားကျင့်သုံးကျော်လွှားရပါမည်။
ကိုယ်ကြိုးစားနေရချိန်၊အောင်မြင်မှုအတွက်တည်ဆောက်နေရချိန်တွင်ဥပေက္ခာသဘော၊ခန္တီသဘောထားနိုင်ရန်အခြေခံသဘောထားအမြင်ကျယ်ပြန့်ရမည်။အရပ်ပြောပြောကသဘောထားကြီးသည်ဟုပြောရမည်။ကိစ္စအကန့်အသတ်၊နယ်ပယ်အကန့်အသတ်၊အချိန်အကန့်အသတ်ရှိဖို့လိုသည်။ကြားလာသမျှ၊ကြုံလာသမျှကိစ္စရပ်တိုင်း၊နယ်ပယ်တိုင်းအားအာဂုံမသွင်းဖို့လိုသည်။ကြားကြားသမျှငါ့ကိစ္စ၊ကြုံကြုံသမျှငါ့ကိစ္စ၊လာလာသမျှငါ့ကိစ္စဟုအရေးတကြီးသဘောထား၊ပတ်သက်စိတ်ဝင်စားကလမ်းကြောင်းပျောက်တတ်သည်။အောင်မြင်ချိန်နောက်ကျပန်းဝင်တတ်သည်။နေရာတကာဝင်၍ပါအသင်ဘာကောင်နည်း၊ပွဲထဲကဝန်၊လမ်းပြညွှန်၊ဝန်ကြီးပြောသလိုဖြစ်တတ်သည်။အညာဇာတ်ပွဲလူပျက်များပျက်လုံးထုတ်ရာ၌ရံဖန်ရံခါဝန်ကြီးအဝတ်ကြီးဝတ်လာပြီးဝမ်ထွက်စာမရွတ်ပဲ၊သဲဟဲဟဲ ငါဘာကောင်ပါလိမ့်ဟုသူ့ကိုယ်သူပြန်ကြည့်ရာ၊ကိုယ့်ကိုကိုယ်မှဘာကောင်မှန်းမသိသည့်ဝန်ကြီးပွဲထွက်လာသည့်ဇာတ်ပွဲကိုလာအားပေးမိသည့်ပရိသတ်ကငါတို့အလွန်အသည်၊နသည်ဟုသဘောထားကာရယ်ကြမောကြသည်။ထိုအခါမှသူ့ကိုယ်သူပြန်ကြည့်ပြီးသောလူပျက်က ဟာ....ဟုတ်ပြီ....ဟုတ်ပြီ....၊ကျုပ်ကဝန်ကြီး၊ဝန်ကြီးကကျုပ်၊ဇာတ်ဆရာရေးပေးတဲ့ဝန်စာကိုညကြေးရအောင်ကျုပ်ဝန်မင်းဝန်စာရွတ်မယ်ဟုဆိုကာဝန်စာရွတ်သည်။ပရိသတ်က တဝါးဝါးတဟားဟား။အောင်မြင်မှုတည်ဆောက်သူသည်ဇာတ်စင်ပေါ်မှလူရွှင်တော်မဟုတ်။စိတ်ကူးယဉ်မရသောဘဝတိုက်ပွဲ၌ကိုယ့်ရည်မှန်းချက်အောင်မြင်စေရန်သတိမမေ့ဖို့၊မျက်ခြည်မပျက်ဖို့အမြဲလိုသည်။
အောင်မြင်လိုသူ၊အောင်မြင်နေသူမှန်သမျှနေတတ်ထိုင်တတ်ရမည်။ကိုယ့်ကိုကိုယ်ငါ့ဘဝရည်မှန်းချက်ကဘာ၊ငါ့ယခုလက်ရှိအဆင့်ကဘာဟုသိရှိရုံမျှမကအကျိုးဖြစ်ထွန်းလာဖွယ်မရှိကအရေးတကြီးသဘောမထားပဲသည်းခံတတ်၊လစ်လျူရှုတတ်ရသည်။ကမ္ဘာကျော်စစ်သူကြီးလောင်းလျာနပိုလီယန်နှင့်အဖော်နှစ်ဦးကိုကဖေးဆိုင်တစ်ဆိုင်ထဲ၌အမူးလွန်နေသေ.အမူးသမားတစ်ဦးကအကြောက်းမဲ့စိန်ခေါ်သည်။နပိုလီယန်၏အဖော်နှစ်ဦးကထိုအမူးသမားကိုတုဖက်၍ယှဉ်ပြိုင်လိုသည်။အပြတ်ရှင်းပစ်ခဲ့ချင်သည်။နပိုလီယန်ကကိုယ်တိုင်လည်းတုဖက်မပြိုင်၊ကျန်နှစ်ယောက်ကိုလည်းတုံ့ပြန်ခွင့်၊ပြဿနာဖြစ်ခွင့်မပေး။နပိုလီယန်၌ကြီးကျာ်သောအောင်မြင်မှုရရှိရန်ကြိုးပမ်းရဦးမည်ဖြစ်သောကြောင့်သာမန်အသေးအဖွဲကိစ္စဖြင့်အချိန်ကုန်မခံနိုင်။အမူးသမားရန်စစော်ကားမှုကိုဥပေက္ခာပြုကာကဖေးဆိုင်မှအေးအေးဆေးဆေးထွက်ခွာပေးခဲ့သည်။နောင်များမကြာမီအချိန်အတွင်းမှာပင်လျှင်ကမ္ဘာကျော်စစ်သူကြီး၊ဧကရာဇ်မင်း နပိုလီယန်အဖြစ်အောင်မြင်လာ၏။
၁၉၄၇ခုနှစ်ဝန်းကျင်ကရခိုင်ပြည်သို့သတင်းစာ၊ဂျာနယ်အရောက်အပေါက်နည်းသည်။ရုပ်မြင်သံကြားစက်လည်းမရှိသေး။၁၉၄၇ခုနှစ်ဧပြီ၃ရက်နေ့ကရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်၊မြေပုံမြို့သို့ရောက်ရှိနေသောဗိုလ်ချုပ်အောင်ဆန်းသည်ည ၇ နာရီခန့်လရောင်မလင်းတလင်းတွင်သတင်းစာဆရာဦးပုကလေး၊ဗိုလ်မင်းလွင်တို့နှင့်စကားပြောနေစဉ်ဗိုလ်မင်းလွင်၏ရဲဘော်တစ်ယောက်ဝင်လာပြီးဗိုလ်ချုပ်အောင်ဆန်းအား၊ဒီရဲဘော်ကဘယ်ကလည်း၊ဘီအိုင်အေကထဲကပါခဲ့တဲ့ရဲဘော်လားဟုဗြုန်းစားဒိုင်းစားမေးချလိုက်သည်။ဗိုလ်မင်းလွင်မှာခေါင်းမီးလောင်ခံရသကဲ့သို့ဖြစ်သွားပြီး၊ထိုစကားမေးလာသောရဲဘော်အား ဟ...ဟ...ဟကောင်၊အဲဒါ ဗိုလ်ချုပ်.....ဗိုလ်ချုပ်ဟု ပျာပျာသလဲပြောမှ ထိုရဲဘော်ကဗိုလ်ချုပ်အောင်ဆန်းမှန်းသိသွားပြီးချာကနဲလှည့်ကာဝေးရာအမှောင်ထုထဲသို့ဒုန်းပြေးထွက်သွားသည်။ဗိုလ်ချုပ်အောင်ဆန်းစိတ်ဆိုးပါသလား။ဗိုလ်မင်းလွင်အားဆူပူပါသလား။ထိုရဲဘော်အားမထီမဲ့မြင်ပြုမှုဖြင့်အရေးယူခိုင်းပါသလား။မဆူပူပါ။မခိုင်းပါ။နေတတ်ထိုင်တတ်၊ရင်ဆိုင်ဖြေရှင်းတတ်သောခန္တီတရား၊ဥပေက္ခာတရားအကျိုးကြောင့်တဝါးဝါး တဟားဟားသာ ဗိုလ်ချုပ်အောင်ဆန်းကရယ်မောနေ၍ သည်ဖြစ်ရပ်သည်မှာပဲပွဲပြတ်စခခန်းရပ်ပါသည်။အသေးအဖွဲကိုရေးကြီးခွင်ကျယ်သဘောမထားပါ။ပေါ့ပေါ့ပါးပါးတဟားဟားရယ်ပြ၍ပြီးစီးခဲ့ပါသည်။
လူတိုင်းလူတိုင်းနပိုလီယန်မဟုတ်ကြ၊ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ကြဟုစောဒကတက်လာငြားအံ့။ကိုယ့်ဝန်ကိုယ့်အား၊ကိုယ့်အခြေအနေနှင့်ညီညွတ်သည့်နေတတ်ထိုင်တတ်မှုတော့အနည်းဆုံးလိုအပ်ပါမည်ဟုဖြေဆိုလိုပါသည်။ထိုသို့နေတတ်ဖို့သည်းခံစိတ်ထား၊ဥပေက္ခာစိတ်ထား ထားသင့်ကထားရပါကြောင်း။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC No.154
27.12.2017,Wed
Thanks for your sharing
Thanks for reading.
good writing
Thanks
အရမ်းကောင်းတဲ့စာပါပဲရှင်။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဗဟုသုတ တွေ သိသင့်တာတွေ ပြန်ပြီး ဝေမျှ တာကို လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ။
တတ်နိုင်သလောက်ဆက်လက်ရေးသားပါအုံးမယ်။
အရမ်းကောင်းတယ် ဆရာ
ကျနော့်အတွက် များစွာအထောက်ကူဖြစ်စေပါတယ်
ကေိးဇူးပါ
ခုလိုကြားရတော့ဝမ်းသာပါတယ်။ဆက်လက်စောင့်မျှော်အားပေးပါဦး။
ခန္တီရော ဥပေက္ခာရော ကိုယ့်အတိုင်းအတာတခုထိထားနိုင်ကြမယ်ဆို ပြဿ နာတွေအတော်လျော့နည်းသွားမယ်ထ်ပါတယ် ဆရာ...
ကိုယ့်အတိုင်းအတာတစ်ခုထိကျင့်ကြံနိုင်အောင်ကြိုးစားကြရမှာပါ။အားလုံးတော့မလွယ်ပါဘူး။
G
ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်တို့လို ဥပေက္ခာနဲ့ ခန္တီစိတ်ထားဖို့ကလည်း ခက်ခဲပါတယ်
တကယ်မလွယ်ကူတဲ့ကိစ္စပါ
အရမ်းကောင်းပါတယ်
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပါ။
ဆရာ့ကြီးရေးသားသောစာများအားဖတ်ရှုခွင့်ရသည့်အတွက်ကျေးဇူးအများကြီးတင်မိပါတယ် ဆရာကြီးခင်ဗျာ
အားလုံးကခုလိုကြိုဆိုတဲ့အတွက်ဝမ်းသာရပါတယ်။အချိန်ရရင်ရသလိုကြိုးစားပြီးရေးပါဦးမယ်။ကျေးဇူးတင်ပါတယ်။
သည်းခံခြင်းသည် အောင်မြင်ရာလမ်းစပါ အားပေးလျှက်ပါ ဆရာ
ဆက်လက်ပြီးရေးဖို့ရှိပါတယ်။စောင့်မျှော်ဖတ်ရှုပေးပါဦး။ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့...စာပေကောင်းဖတ်ရလို့ကျေးဇူးပါ
ခုလိုဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်။
မှန်ပါတယ်ဆရာရေ ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါမဟုတ်ပါ၊ ယနေ့ခေတ်အခါမှာ လေ့ကျင့်မှုကောင်းစွာရရင်ခေါင်းဆောင်ဖြစ်နိုင်ကြပါပြီ။ သို့သော်လေ့ကျင့်ခံနိုင်ဖို့အတွက် သင်ယူလိုစိတ်ရှိဖို့အရေးပါပြန်ရော၊ သင်ယူလိုစိတ်ရှိဖို့အတွက် အတ္တမာနကို ပယ်ခွာနိုင်တဲ့ အရည်အချင်းအပေါ်မှာ မူတည်ကာ တတ်ကျွမ်းနိုင်မှုတွေလဲကွာဟကြပါတယ်၊ အတ္တမာနကိုပယ်ခွာနိုင်ဖို့ရာမှာလည်း သည်းခံမှုစွမ်းအားကိုမြင့်မားအောင်လေ့ကျင့်ပေးနိုင်မှသာဖြစ်ပါတယ်ဆရာ။ ဆရာရေးတဲ့အကြောင်းအရာတွေကို လူငယ်တွေများများဖတ်စေချင်မိပါတယ်။
သည်းခံခြင်းတရား၊မေတ္တာတရားကိုလူငယ်များသိရှိရန်ဆက်လက်ရေးသားသွားပေးပါအုံးမည်ဆရာတင်လှိုင်ဦးခင်ဗျား။ကြိုဆိုအားပေး၍ကျေးဇးတင်ပါသည်ခင်ဗျား။