Fashion myanmar

in #photo2 years ago

ထို့ကြောင့်ချစ်သည်

မိဘနှစ်ပါးက ဘာသာခြားဖြစ်နေပေမင့် သမီးဖြစ်သူ ရောဟိနီ မှာ ဗုဒ္ဓ၏တပည့်မဖြစ်နေခဲ့သည်။ ဗုဒ္ဓ၏သားတော် ရဟန်းတော်များကို အလွန်ချစ်သည်။ အိပ်နေစဉ်လည်းရဟန်း နိုးထလာလည်းရဟန်း ရဟန်းတို့အကြောင်းကိုပြော၍မပြီးနိုင်တော့။ ရဟန်းစိတ်နှင့်လူ့ကိုယ် ဖြစ်မှန်းမသိ ဖြစ်လို့နေရှာသည်။ရဟန်းတော်တို့လိုအပ်ရာ ပစ္စည်းလေးပါးကို သူမ အားတက်သရောလှူဒါန်းသည်။ သူမသည် ရဟန်းတော်တို့အား ဤမျှအထိချစ်ပါသည်။ သူမ ဖြစ်နေပုံကိုကြည့်ပြီး ဖခင်က မအောင့်အီးနိုင်တော့ဘဲ ထုတ်မေးပါတော့သည်။

''' သမီးရယ်-- အလုပ်မလုပ်ချင် ပျင်းလို့ သူတပါးပေးစာကမ်းစာစားနေတဲ့။ အကန်တော့ကြိုက် အကောင်းကြိုက်ရဟန်းတွေကို ဘာကြောင့်များချစ်နေရတာလဲ ??? '''

ဖခင်၏အမေးစကားကိုကြားတော့ သူမ အလွန်ဝမ်းသာသွားသည်။ရဟန်းတော်များ၏ ကောင်းကွက်များကို ပြောပြနေချင်သည်မှာကြာလှပြီမဟုတ်ပါလား။ အမေး၏အဆုံးမှာပင် သူမ၏အဖြေများ ကရားရေလွှတ် တတွတ်တွတ်ထွက်အန်လာတော့သည်။

** အဖေ--ရဟန်းတော်တွေဟာ ရဟန်းအလုပ်၊ရဟန်းကိစ္စကို လုပ်ဆောင်နေကြပါတယ်။ အဖေထင်သလို ပျင်းရိနေသူတွေမဟုတ်ပါ။ နိဗ္ဗာန်ရောက်ကြောင်း အလုပ်မြတ်တွေလုပ်ကြတာပါ။ ရာဂကိုစွန့်တယ်။ဒေါသကိုစွန့်ပါတယ်။ ထို့ကြောင့် ချစ်ပါသည်။

**မကောင်းမှုအမြစ်ရင်းဖြစ်တဲ့ လောဘ,ဒေါသ,မောဟကိုပယ်ပြီး စင်ကြယ်သောအမှုကိုသာပြုပါသည်။ ထိုရဟန်းတို့သည် အကုသိုလ်အားလုံးကိုပယ်ပြီးပါသည်။ထို့ကြောင့်ချစ်ပါသည်။

**ထိုရဟန်းတို၏ကံသုံးပါးအမူရာအားလုံးစင်ကြယ်ကြပါသည်။ ထို့ကြောင့်ချစ်ပါသည်။

**ထိုရဟန်းတို့သည် ပွတ်သစ်စခရုသင်းလို ပုလဲဖြူရတနာလို အညစ်ကြေးကင်းကြပါသည်။ အတွင်းအပ စင်ကြယ်သောအလိုဆန္ဒရှိကြပါသည်။ ဖြူစင်သောတရားတို့နှင့်ပြည့်စုံကြပါသည်။ ထို့ကြောင့်ချစ်ပါသည်။

** ထိုရဟန်းတို့သည် ဗဟုသုတပြည့်စုံ၍ ပရိယတ္တိ ပဋိဝေဓ တရားကိုဆောင်ပါသည်။ အရိယာဖြစ်ကြပါသည်။ ဓမ္မနှင့်အညီအသက်မွေးကြပါသည်။တရားကိုဟောပြောတတ်ပါသည်။ တည်ကြည်သောစိတ်ရှိကြပါသည်။ သတိကြီးကြပါသည်။ထို့ကြောင့်ချစ်ပါသည်။

**ထိုရဟန်းတို့သည် လူနှင့်ဝေးရာတော၌နေတတ်ကြပါသည်။ ပညာဖြင့်ဆင်ခြင်၍စကားကိုဆိုပါသည်။ ပျံ့လွင့်ခြင်းမရှိပါ။ ထို့ကြောင့်ချစ်ပါသည်။

**ထိုရဟန်းတို့သည် နေရာတစ်ခုမှဖဲခွါသော် ထိုနေရာ၌ ငဲ့ကွက်မှုမထားကြပါ။ထို့ကြောင့်ချစ်ပါသည်။

**ထိုရဟန်းတို့သည် ပစ္စည်းဥစ္စာကို သိမ်းဆည်းခြင်းမထား။တစ်ပါးသူချက်ပြီးသားအစာကိုသာ ရှာမှီးကြပါသည်။ ထို့ကြောင့်ချစ်ပါသည်။

**ထိုရဟန်းတို့သည် ရွှေ,ငွေ,ပိုက်ဆံကိုအလှူမခံ ပစ္စုပ္ပန်ပစ္စည်းဖြင့်မျှတကြပါသည်။ ထို့ကြောင့်ချစ်ပါသည်။

** ထိုရဟန်းတို့သည် နေရပ်အမျိုးမျိုး အနွယ်အမျိုးမျိုးမှ ရဟန်းပြုလာကြသော်လည်း အချင်းချင်းချစ်မြတ်နိုးကြပါသည်။ ထို့ကြောင့်ချစ်ပါသည်။

** အဖေ တကယ်လို့ အဖေဟာ ဆင်းရဲကိုကြောက်ရင် ဆင်းရဲကိုမချစ်ခဲ့ရင် ရတနာသုံးပါးကိုးကွယ်ပါ။သီလကိုဆောက်တည်ပါ။ အဖေတို့အတွက် အကျိုးအများကြီးရှိပါတယ်။

သမီးဖြစ်သူ ရောဟိနီ၏ ကရားရေလွှတ်တတွတ်တွတ်ဟောအပ်သော ထို့ကြောင့်ချစ်သည် ထို့ကြောင့်ချစ်သည် ထို့ကြောင့်ချစ်သည် တရားကိုနားထောင်အပြီးမှာတော့ ဖခင်ဖြစ်သူသည် ရတနာသုံးပါးသို့ သက်ဝင်ကြည်ညိုပြီးဖြစ်ပါသည်။ထိုအခါမှ သမီးဖြစ်သူကို ရတနာထိုက်တဲ့သမီး ငါတို့အကျိုးအတွက်လူဖြစ်လာတဲ့သမီးဟု ဝမ်းသာအားရချီးကျူးပြောဆိုပါသည်။မိသားစုလိုက် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးဝင်ပါသည်။ နောက်ပိုင်းကာလများမှာ ရောဟိနီသည် သူမချစ်မြတ်နိုးသူတို့ရှိရာ သာသနာ့ဘောင်သို့ အပြီးဝင်ရောက်၍ ရဟန္တာထေရီမကြီး ဖြစ်တော်မူခဲ့ပါ သည်။ယနေ့ခေတ်များမှာလည်း ဆန်းကြယ်သော ရေစက်ကံအကျိုးပေးတို့ကြောင့် ရဟန်းများကို ချစ်မိနေသော အမျိုးသမီးများ၊ အမျိုးသမီးတို့၏ အချစ်ကိုခံနေရသော ရဟန်းတော်များ များစွာရှိပါသည်။

ထိုအခါ မေးစရာရှိလာသည်က-------

အမျိုးသမီးတို့သည် ဘာကြောင့်ချစ်တာပါလဲ??

ရဟန်းတော်တို့သည် ဘာကြောင့်အချစ်ခံရတာပါလဲ??

ရောဟိနီမင်းသမီးကဲ့သို့ မွန်မြတ်သောချစ်ခြင်းဖြစ်ပါသလား??

မွန်မြတ်သော အချစ်ခံရခြင်းဖြစ်ပါသလား??

မွန်မြတ်သောချစ်ခြင်းမဟုတ်ခဲ့ပါမူ ချစ်ကြသူတို့ရော အချစ်ခံရသူတို့ပါ ပင်ပန်းကြ ပူလောင်ကြမည်ဖြစ်ပါသည်။

ရောဟိနီမင်းသမီးလို မွန်မြတ်သောအချစ်တို့ဖြင့်ချစ်ကြပါမည်ဆိုလျှင် ၊ ရောဟိနီကိုးကွယ်သော ရဟန်းတို့လို မွန်မြတ်အချစ်တို့နှင့်ထိုက်တန်သော ဓမ္မအရည်သွေးတို့ဖြင့်ပြည့်ဝကြပါမည်ဆိုလျှင် ထိုချစ်သူနှင့်အချစ်ခံရသူတို့သည် လောက၏အလှဆုံးအချစ်စံနမူအဖြစ် ပြောစမှတ်တွင်ရစ်မည်ဖြစ်ပါသည်။

ထို့ကြောင့်------ချစ်သည်။

(ရောဟိနီထေရီဂါထာ၊ထေရီဂါထာမြန်မာပြန်=၂၂၃)