ဘဝမှာ အလိုအပ်ဆုံးက ဘာလဲ ?
ထိုမေးခွန်းကို ကိုယ့်ကိုယ်ကိုမေးဖူးကြမှာပါ.
ဘဝမှာ အလိုအပ်ဆုံးက ငွေကြေးလား ?
ကိုယ်က သိပ်ချစ်ရသူလား ?
သို့မဟုတ်
ကိုယ့်ကို သိပ်ချစ်သူလား ?
ရွှေငွေရတနာတွေလား ?
ဂုဏ်ပကာသနလား ?
အောင်မြင်ကျော်ကြားမှုလား ?
ရာထူး အာဏာလား ?
ငယ်ငယ်က ' လိုအပ်မှု ' နဲ့ အသက်ကလေးရလာလေလေ ' လိုအပ်မှု ' တွေကွဲပြားလာလေမလား ?
' လိုချင်မှု ' နဲ့ ' လိုအပ်နေမှု ' က တူသယောင်နဲ့ မတူပြန်ဘူး.
ကျွန်မကတော့ ...
ငယ်ငယ်က ' လိုချင်မှု ' ပေါင်းများစွာရှိခဲ့ဖူးတယ်.
ခုတော့ ... ' လိုအပ်မှု ' က ' အေးချမ်းမှု ' ဖြစ်ခဲ့ပြီ.
တိုက်အကြီးကြီးမှာနေဖို့ ...
ကားအကောင်းစားကြီးစီးဖို့ ...
ဖလန်း ဖလန်းတွေဖြစ်ဖို့လည်းမဟုတ်တော့ဘူး ...
မိဘရှိခြင်းမရှိခြင်းတွေထည့်မတွက်ဘဲ ...
ကိုယ်ရှာဖွေတဲ့ ဝင်ငွေဟာ ဘဝရပ်တည်ရေးအတွက်လိုအပ်တယ်.
ဒါပေမယ့် ... လောဘဆိုတာ အကန့်အသတ်နဲ့ထား ...
ဉာဏ် ဝီရိယတွေနဲ့ကြိုးစားပြီး လောဘဇောတိုက် မပူလောင်ချင်တော့ဘူး.
သိပ်အများကြီး မလိုအပ်တော့ပါဘူး ...
အသက်ကလေးကြီးလာရင်
နံနက်လင်းလို့ တံခါးဖွင့်လိုက်တာနဲ့ တိမ်တွေ တောင်တန်းတွေမြင်ရတဲ့ အရပ်မှာ ...
အတော်အသင့် ခြံကလေး နဲ့ တစ်ထပ်အိမ်လေးတစ်လုံးရယ် ...
အိမ်ကတော့ ဘုရားခန်းရယ် ... ဧည့်ခန်းရယ် ... ဖေဖေ့အတွက်အခန်းရယ် ... ကိုယ့်အတွက်ရယ် ...
ကိုယ်ချစ်ရသူတွေ သူတို့နေချင်တဲ့အခါ လာနေဖို့ သူတို့အတွက် အခန်းတွေရယ် ...
အခန်းတိုင်းမှာ တရားထိုင်ဖို့အဆင်ပြေအောင် ကိုယ်ပိုင်ဘုရားစင်လေးတွေထားပြီး တရားထိုင်ဖို့ နေရာပါ ထည့်ထားမယ် ...
မီးဖိုခန်းနဲ့ ထမင်းစားခန်းကတော့ အိမ်နဲ့ ဆက်ထားတဲ့ လမ်းမှာ အဖီထုတ် သတ်သတ်ထားတဲ့ အဆောင်လေးရယ် ...
ခြံလေးမှာ သိပ်ကြိုက်တဲ့ စံပါယ်ပန်းတွေအများကြီးစိုက်မယ် ...
ဘုရားပန်းအတွက် ပန်းခင်းလေးရယ် ...
ဟင်းအတွက် ခြံထဲက အလွယ်တကူခူးလို့ရတဲ့ သီးပင်စားပင်တစ်ချို့ရယ် စိုက်မယ်.
သိပ်ချစ်တဲ့ ခွေးလေး ၂ ကောင်မွေးမယ်.
အိမ်နဲ့ တစ်တက်တည်းမှာ အဖီထုတ်ပြီး သူတို့နေဖို့ အခန်းထားမယ်.
ကားအကောင်းစားမလိုပေမယ့် ခရီးသွားရင် လူတွေ အများကြီးဆန့်မယ့် ကားလေးတစ်စီးရှိမယ် ...
စိတ်ရှိတိုင်း လှူဖို့ ...
ခရီးသွားချင်တဲ့အခါ သွားနိုင်ဖို့ ...
ကျန်းမာရေး ...
နေ့စဉ်စားဝတ်နေရေးအတွက် လစဉ်အတော်အသင့်ဝင်ငွေရှိဖို့လိုတယ်.
တိမ်တွေ ... တောင်တန်းတွေကြည့် နံနက်စာစားမယ် ...
တရားနာ တရားထိုင်မယ် ...
အကျိုးပြုစာတွေရေးမယ် ...
ပန်းချီဆွဲမယ် ...
သံသရာမှာပါမယ့် အရာတွေလုပ်မယ် ...
ဒီလောက်ပါဘဲ ...
ဘယ်ဘဝကလာ ... ဘယ်ဘဝကိုသွား ...
ဘယ်နေ့မှာ ဘယ်လိုသေမယ်မသိတဲ့ ဒီဘဝမှာ ...
နေရစဉ်တစ်ခဏ ' လိုအပ်မှု ' က ' အေးချမ်းမှု ' ပါဘဲ.
ခုတော့ ... တစ်ချိန် အဲ့လိုလေး ကိုယ့်ပိုက်ဆံနဲ့ကိုယ်နေနိုင်ဖို့အတွက် ... နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတယ်.
မနေနိုင်ခင် သေသွားခဲ့ရင်လည်း နောင်သံသရာမှာ အကုသိုလ်တွေမပါစေဖို့လည်း နေ့စဉ်ကြိုးစားနေရတယ် ...
လူ့ဘဝရဲ့ အသက်တစ်ရက် ဒီနေ့ကုန်သွားပြန်ပြီ.
တစ်နေ့တာမှာရတာ ကုသိုလ်များသလား ?
အကုသိုလ်များသလား ?
ဒါ ကျွန်မတို့ကိုယ် ကျွန်မတို့ နေ့စဉ်မေးရမယ့် မေးခွန်းမလား ?
စိတ်တွေအေးချမ်း ကိုယ်ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေတွေး နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို ရရှိကြပါစေ.
Mi recomendación para este post, cuando. Utilices la etiqueta "spanish", debes utilizar el español, para otros tipos de idiomas utilizas la respectiva etiqueta.