မကြာမီ မြန်မာပြည်အနှံ့က လူပေါင်း ၁၂သိန်းကျော် လာရောက်ကြမယ့် မန္တလေးတောင်ပြုံးပွဲတော် နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာပြည် မြို့အတော်များများမှာ ကူးစက်နှုန်းမြန် တုပ်ကွေးရောဂါပိုး(Flu virus)တွေ ပြန့်နှံ့နေချိန် ဖြစ်ပါတယ်။
ပထမ ဇူလိုင် (၆) ရက်နေ့မှာ တွေ့ရှိ ရောဂါပိုးက H1N1 ဖြစ်ပြီး (၂၁)ရက်နေ့မှာ လူနာသေဆုံးပါတယ်။ (၁၅)ရက်နဲ့ သေဆုံးခြင်းပါ။ လက္ခဏာ ပြပြီး လပိုင်းတောင် မခံသလို ရန်ကုန်ဆေးရုံကြီးမှာတောင် ကာကွယ်ဆေးနဲ့ ကုသဆေး မရှိကြောင်း သတင်းစာရှင်းလင်းခဲ့ပါတယ်။
ဒုတိယတွေ့ရှိ ရောဂါပိုးက ရန်ကုန် ဧရိယာအတွင်းမှာပဲ ဖြစ်ပြီး H3N2 ဗိုင်းရပ်ဖြစ်ပါတယ်။ တတိယတွေ့ရှိ ရောဂါပိုးက ထားဝယ်ကြက်ခြံမှာ ဖြစ်ပြီး H5N1 ကြက်ငှက်တုပ်ကွေး Flu အမျိုးအစားဖြစ်ပါတယ်။
ဒီရောဂါပိုး ၃မျိုးဟာ Mutation ဖြစ်ပြီး ပေါင်းစပ်သွားခဲ့ရင် ထွက်လာမယ့် ဗိုင်းရပ်ပိုးက ကုသဆေးမဲ့ ပိုးအသစ် ဖြစ်သွားနိုင်ပါတယ်။ ယခုဆိုရင် လူမှုကွန်ယက် ကျန်းမာရေး ပေ့ခ်ျတွေက H5N1 တွေ့ရှိ ထားတဲ့ ထားဝယ်နဲ့ H1N1 တွေ့ရှိထားတဲ့ ရန်ကုန်ကို ခရီးသွားလာမှု ဆင်ခြင်ဖို့ သတိပေးနေတာ တွေ့ရပါပြီ။
ရန်ကုန် ဧရိယာအတွင်းမှာ တွေ့နေရပြီ ဖြစ်တဲ့ Flu Type A အုပ်စု H1N1 နဲ့ H3N2 ပိုးနှစ်မျိုးက ပိုမို Mutation ဖြစ်လွယ်တဲ့ ဗိုင်းရပ်ဖြစ်ပါတယ်။ တွေ့ရှိ လူနာကို ဆေးရုံခွဲပြီး ထားရတဲ့ အခြေအနေပါ။ လက္ခဏာ မပြသေးတဲ့ ကူးစက်ခံရသူတွေ ရန်ကုန်မှာ ဘယ်လောက် ရှိနေမလဲ ပြောလို့ မရသေးတဲ့ အနေအထားပါ။
ယနေ့ ဇူလိုင် ၂၇ရက်နေ့ ည၈နာရီ နောက်ဆုံးရ သတင်း အရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် စုစုပေါင်း ၅နေရာခန့်မှာ ရာသီတုပ်ကွေးပြင်း ၅၀ဦးထဲက ဗိုင်းရပ်တွေ့ရှိလူနာ ၃၀ဦးနဲ့ သေဆုံးသူ ၆ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တစ်လပင် မပြည့် သေးပါ။
ဒါ့အပြင် ပုသိမ်မှာ အမျိုးအစားခွဲမရသေးတဲ့ တုပ်ကွေးမိ ကလေးလူနာ (၂၆) ဦး အပြင်းအထန် ဖျားနာနေပါတယ်။ Flu ဗိုင်းရပ်ပိုးချင်း mutation ဖြစ်မသွားဖို့ စိုးရိမ်နေရပြီ ဖြစ်ပါတယ်။
ဒီအချိန်မျိုးမှာ မြန်မာပြည် အနှံ့အပြားက လူစုံ လာရောက်ကြမယ့် တောင်ပြုံးပွဲတော်ကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ယခုကာလဟာ စိုစွတ်တဲ့ ရာသီဖြစ်ပြီး Flu ဗိုင်းရပ်ကလည်း ဒီလို ရာသီဥတု လေထုထဲမှာ ၂၄နာရီ နေနိုင်စွမ်း ရှိနေပါတယ်။ တရုတ်က လှူမယ့် H1N1 ကုသဆေးကလည်း မရောက်သေးသလို ရောက်ရင်တောင်မှ အလုံအလောက် မဖြစ်နိုင်တဲ့အပြင် ကုသ ပျောက်ကင်း အသက်ရှင်နိုင်ချေ အားရဖွယ်ရာ မရှိကြောင်း ကြားသိရပါတယ်။ တရုတ်ဆေးမို့ မဟုတ်ပါ။ H1N1 ကုသဆေးတိုင်းသည် ရာနှုန်းပြည့် အသက်ရှင်နိုင်သည်အထိ မစွမ်းကြောင်း သိရှိရပါတယ်။
ဒါ့အပြင် ခရီးသွားမှု ဘူတာ၊ သင်္ဘောဆိပ်၊ လေဆိပ်၊ ကားကွင်းတွေမှာ ရောဂါပိုး ထိန်းချုပ်ရေး အတွက် ကျန်းမာရေးစစ်ဆေးမှု အစီအမံတွေ လုပ်မထားတဲ့ အတွက် တစ်နယ်စီက ဗိုင်းရပ်ပိုးသယ်ဆောင်သူတွေ ထိတွေ့ မှုကြောင့် ဗိုင်းရပ်ချင်း mutation ဖြစ်သွားနိုင်ချေ စိုးရိမ်ဖွယ်ရာ ရာနှုန်းများနေပါတယ်။ ဒီလိုဆို နဂိုမရေရာတဲ့ ကုသဆေးလည်း လုံးလုံး မတိုးတဲ့အထိ ဖြစ်သွားမှာပါ။
ကူးစက်မြန် ရောဂါပိုးကို ထိန်းချုပ်ဖို့ ကာကွယ်ဆေး၊ ကုသဆေး မရှိသေးမီ ခရီးသွားလာရေးကို စိစစ် ကြပ်မတ်ရမယ့် အခြေအနေမျိုးမှာ လူပေါင်း ၁၂သိန်းကျော် လာရောက် ကြမယ့် ပွဲတော်ကြီးက မန္တလေး မြို့ခံတွေအတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာ ကောင်းနေပါပြီ။
ကုသဆေးလည်း မရှိ။ ကာကွယ်ဆေးလည်း နတ္ထိ။
ကူးစက်ခံရရင် ရက်ပိုင်းအတွင်း သေဖို့ပဲ ရှိပါတော့တယ်။
Aကိုက်ရင်တောင် ၁၀နှစ်လောက် နေနိုင်ပါသေးတယ်။
ဒါကြီးက တစ်လအတွင်း ဂိမ်းမယ့် ကပ်ရောဂါကြီးပါ။
အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ Flu ဗိုင်းရပ်က တွေ့ရှိလူနာ ဖြတ်သန်းခဲ့တဲ့ နေရာအတော်များများမှာ ပြန့် နှံ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ လူနာကို ထိတွေ့ဆက်ဆံခဲ့သူတွေ အပါအဝင်ပတ်ဝန်းကျင်လူတွေကိုပါ ကူးစက်စေတဲ့အတွက် Flu Type A ဖြစ်တဲ့ H1N1 နဲ့ H3N2 ကို ကူးစက်မြန် ဗိုင်းရပ်လို့ WHOက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီ ၂မျိုး ပေါင်းစပ်သွားလို့ ဖြစ်လာမယ့် ပိုးအတွက် ကုသဆေးမရှိသေးပါဘူး။ မသေချာ မရေရာတဲ့ ကုသဆေးသာ ရှိသေးတဲ့ H1N1နဲ့ H3N2 တောင် ကုသနေရင်း ရက်ပိုင်းအတွင်း လူနာတွေ သေဆုံးတာကို တွေ့ရှိရတဲ့ အတွက် ပေါင်းစပ်ပြီး ဖြစ်လာမယ့် ဆေးမတိုး တုပ်ကွေးး ဗိုင်းရပ်ဆိုပါက သိကြားမင်း ဆင်းကယ်ရင်တောင် သိကြားမင်းပါ တုပ်ကွေးမိပြီး သေဖို့ အလားအလာ ရှိနေပါတယ်။
တောင်ပြုံးပွဲတော်မှာ လူအတစ်ဆုံးက ရွှေကျင်လမ်းမကြီး နဲ့ တာဘောင်မြို့ပတ်လမ်းဖြစ်ပါတယ်။ အဲ့ဒီကြားမှာ TUM နည်းပညာတက္ကသိုလ်(မန္တလေး) ရှိပါတယ်။ ပွဲကာလ ရက်ရှည်ကြီးမှာ တစ်နာရီခန့် တိုးရတဲ့ အိုးဘို အိုးပုတ်ပွဲလည်း ရှိသေးသလို ဈေးတန်းတွေလည်း မြောက်ပြင် တစ်ကြော ပြုံနေဦးမှာပါ။ ကျောက်တော်ကြီး ပွဲလည်း ရှိပါသေးတယ်။ ရောဂါပိုးကလည်း လူစည်ကားတဲ့ Public area မှာ အပြန့်နှံ့ဆုံး ဖြစ်တဲ့ အတွက် TUM ကျောင်းသူ ကျောင်းသားတွေ အတွက် ကျောင်းသွား ကျောင်းပြန် လူမတိုးရတဲ့ လမ်းဆိုလို့ ရှာလို့ မတွေ့နိုင်တော့ပါဘူး။ ဒီလူပေါင်း ၁၂သိန်းမှာ ရောဂါပိုး သယ်ဆောင်သူတွေလည်း ပါလာကြမှာပါ။
အကယ်၍ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ကူးစက်ရောဂါ မထိန်းချုပ်နိုင်သေးခင်မှာ တောင်းပြုံးလို လူ ၁၂သိန်းကျော် လာရောက်ကြမယ့် ပွဲတော် ကျင်းပခြင်းကို မြို့ခံတွေကအစ ဆန္ဒထုတ်ဖော် ကန့်ကွက်ကြမှာ ဖြစ်ပါတယ်။ မြို့တော်ဝန်ကအစ အရေးစိုက်မှာ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းတွေကအစ တင်ပြကြမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မန္တလေးမှာတော့ ဘယ်လိုလှုပ်ရှားမှုမှ မတွေ့ရသလို သွေးအေးနေကြတာကိုပါ စိုးရိမ်ဖွယ်ရာတွေ့ရှိရပါတယ်။ N95 mask ကို မျက်နှာ အုပ်ထားရုံနဲ့ ရာနှုန်းပြည့် ကာကွယ်နိုင်မှာ မဟုတ်သလို နေ့စဉ် လဲလှယ်နေရမှာ ဖြစ်ပါတယ်။ ပွဲတော်ကာလ လူစုံစားသောက်ကြမယ့် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေကိုလည်း အကြမ်းပန်းကန်လုံးကအစ ရေနွေး၊ ပိုးသတ်ဆေး အသုံးပြု ဆေးကြောဖို့ ပညာပေးတာမျိုး မရှိကြသလို စဉ်းစားမိပုံလည်း မပေါ်ကြပါဘူး။
ကျွန်တော့်အမြင်မှာတော့ ယခုနှစ် ကျင်းပမယ့် တောင်ပြုံးပွဲကို H1N1နဲ့ H3N2၊ H5N1 ဗိုင်းရပ်တွေရဲ့ မျိုးဖောက်ပွဲကြီး (သို့မဟုတ်) မန္တလေးမြို့ကြီးအတွက် ဗိုင်းရပ်ပိုးတွေ ချန်ထားရစ်ခဲ့မယ့် ဆေးမတိုး ဗိုင်းရပ်ပိုး ထုံကူးပွဲကြီး လို့သာ မြင်ပါတော့တယ်။
အနှစ်ချုပ်အနေနဲ့ ယခုနှစ် တောင်ပြုန်းပွဲကို ယာယီ ပိတ်ပင် စေချင်ပါတယ်။ ဗိုင်းရပ်ပိုး ထိန်းချုပ်နိုင်ပြီ၊ ကုသဆေး၊ ကာကွယ်ဆေး ရှိပြီ၊ လုံလောက်ပြီ ဆိုမှသာ ပြန်လည် ကျင်းပစေချင်ပါတယ်။ နတ်ကိုင်မှာ မကြောက်ပါနဲ့။ ဗိုင်းရပ်ကိုင်မှာ ကြောက်ကြပါ။ ပွဲမကျင်းပလို့ နတ်က ဘာမှ မလုပ်နိုင်ပါဘူး။ နတ်စိတ်ဆိုးလည်း ဂရုစိုက်စရာ မလိုပါ။ အဓိကက ကိုယ့်အသက်အန္တရာယ်နဲ့ ကျွန်တော်တို့ မန္တလေးမြို့ကြီးကို ဗိုင်းရပ်တွေ ရောက်မလာဖို့ အရေးကြီး ပါတယ်။ ဒီအတွက် ကိုယ်နေထိုင်ရာ ပညာသင်ကြားရာ မြို့အတွက် H1N1 ပွဲတော်ကြီးကို ယခုနှစ်မှာ တားဆီး နိုင်ဖို့ အားထုတ်ကြဖို့ မန္တလေးမြေမှာ နေသူတိုင်း တာဝန်ရှိပါတယ်။ မဟုတ်ရင် ခင်ဗျားတို့ရော ကျွန်တော်ရော ရောဂန္တရကပ်ဘေး ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
တင်ပြသူ - #ဗိုလ်လ(လဝင်းထွန်း)
- မန္တလေးမြို့ကို ချစ်မြတ်နိုးသူ
မသွားနဲ့