ညနေခင်းဆည်းဆာသည် ဂေါဝိန်ကို နှုတ်ဆက်တော့မည်။ အနားတွင် ဆူညံစွာ အော်ဟစ်ရွှင်ပြ ရယ်မောနေကြသော ရေချိုးနေသည့် ကလေးတစ်သိုက်ကို မနွယ် ငေးကြည့်နေသည်။ မနွယ်ခေါ်လာသည့် အိမ်ဖော်ကလေးမ မိခိုင်ကတော့ ရေစပ်ကျောက်တုံးပေါ်တွင် ငုတ်တုတ်ကလေး ထိုင်ရင်း ဟိုငေး သည်ငေး။
မနွယ် သက်ပြင်းတစ်ချက် ချလိုက်သည်။ နေ တဖြည်းဖြည်းစောင်းနေပြီ။ မနွယ်အတွက် အချိန်လက်ကျန် တဖြည်းဖြည်းနည်းလာသည်ကို ခံစားသိနေသည်။ ရေထဲသို့ ကျွမ်းပစ်လိုက်သည့်အရှိန်နှင့် ရေတွေ ဗွမ်းခနဲ သူ့ကို လာစင်တာကိုပင် သတိမပြုမိအောင် နေလုံးကြီးကိုသာ ငေးကြည့်နေသည်။ နေလုံးကြီးကို ဆွဲမထားချင်ပါ။ သွားပါစေတော့။ မနွယ်အတွက် အကြောင်းမထူးတော့။ ဒီနေလုံးကြီး အနောက်ဘက်မင်းဝံတောင်ရိုးပေါ်ကို ဖြတ်ပြီး လုံးဝငုပ်လျှိုးသွားသည့်အချိန်တွင် အလင်းရောင်တွေ ပျောက်သွားလိမ့်မယ်။ အဲ့ဒီအချိန်မှာ မနွယ် လုပ်စရာရှိတာ လုပ်ရလိမ့်မယ်။ ခုတော့ အချိန်နည်းနည်း လိုသေးသည်။
မနွယ် သက်ပြင်းတစ်ချက်နှင့်အတူ မိခိုင်ဘေး ကျောက်တုံးပေါ်တွင် ဝင်ထိုင်သည်။ လက်ထဲမှ ဆိုင်ကယ်သော့ လွတ်ကျသွား၍ မိခိုင်က ကမန်းကတမ်းကောက်ပြီး `ရော့ မမ´ဟု လက်ကလေးနှစ်ဖက်နှင့် တရိုတသေ ပေးသည်။ မနွယ် မလိုတော့၍ မယူလိုက်တော့ပါ။ မိခိုင်၏ အလိုက်တသိရှိမှုကိုသာ မနွယ် အသိအမှတ်ပြုရင်း ခပ်နွမ်းနွမ်းလေးပြုံးနေသည်။
မနွယ်၏ ဘဝအစသည် မလှခဲ့ပါ။ အဖေအမေဆုံးပါးသွားပြီးချိန် ထုံးစံအတိုင်း အစ်မအိမ်မှာ ကပ်နေ။ အစ်မက ခုနစ်တန်းအောင်ပြီးသော မနွယ်ကို စေ့စေ့ကြည့်ရင်း ကျောင်းဆက်တက်တော့လည်း ဘာထူးမှာလဲ။ ၈တန်း၊ ၉တန်း၊ ၁၀တန်း ကျူရှင်ခတွေ ငါ မတတ်နိုင်ဘူး၊ ထမင်းတစ်လုတ်ကတော့ ဘယ်လိုရှာစားစား၊ ငါနဲ့လိုက်ပြီး ကျောက်ရောင်းလှည့်´ဟု ဆိုတော့ သိပ်ပြီးဝမ်းမနည်းဘဲ မနွယ် ကျောက်ဝိုင်းထဲရောက်သွားသည်။ ဝမ်းတောင် သာသေးသလိုပါပဲ။ ကားမောင်းရာက နားလာပြီး သူ့နေလည်စာ ပြန်စားသည့်အချိန်နှင့် မနွယ် ကျောင်းက နေ့လည်ပြန်လာတာ တမင်တိုက်ဆိုင်အောင် ထွင်တာလား မသိသော အစ်မယောက်ျားက
ကောင်မလေး ထမင်းခူးစမ်း´ဆိုတာကို မနွယ် နားခါးနေတာကြာပြီ။ ကျောက်ရောင်းတဲ့အစ်မက ဘာမှမသိ။ ခဲအိုက ပခုံးဖက်လား၊ ခေါင်းကိုင်လားနှင့် ခေါင်းစည်းကြိုးတွေ၊ ဖဲပြားတွေ ဝယ်ပေးတာ အစ်မ မမြင်အောင် သိမ်းထားရတာလည်း လိပ်ပြာမလုံ။ အခုတော့ သူလွတ်လွတ်လပ်လပ် အလှပြင်နိုင်ပြီ။ လွတ်လွတ်လပ်လပ် မုန့်ဝယ်စားနိုင်ပြီ။
အစ်မ ခင်းပေးသည့် ပီနီအိတ်ပေါ်က အာကတန်ကျောက်ရိုင်းတုံးကလေးများသည် မနွယ် စိတ်ကို မဆွဲဆောင်နိုင်။ ညီမလေး ဒီကျောက်ဘယ်လောက်လဲ။ ကျောက်ကလေးတွေ လှသလောက် ညည်းကလည်း လှတာပဲကိုး။ ကျောက်ထက် လူက ပိုတန်သလားဆိုသည့် စကားအမျိုးမျိုးကို နေ့စဉ်နှင့်အမျှ ထည်လဲလာပြောကြသည့် ပျိုပျိုအိုအို ပုရိသတွေက မနွယ်ကို အမျိုးမျိုးဆွဲဆောင်ကြသည်။ မနွယ် ကျောက်ဝိုင်းရောက်မှ အလှပြင် ကျွမ်းကျင်လိမ္မာလာသည်။ စကားအပြောအဆို ညက်ညောလာသည်။ အပြုံး၊ အရယ်၊ အနွဲ့ ပလီတတ်လာသည်။ ဟယ် ကောင်မလေးနော် ဗိုင်းကောင်းကျောက်ဖိနေနော်၊ ဣနြေ္ဒကို မရဘူး။ နင် တော်တော်ကဲနေပါလားဆိုတဲ့ စကားတွေ အစ်မက တစ်နေ့တစ်မျိုး အမျိုးမျိုး နားညည်းအောင် ပြောလွန်းသည်ဟု မနွယ် ထင်လာသည်။
တနေ့တွင် လောပန်း ကိုကြင်စိန်ခေါ်ရာသို့ လိုက်ခဲ့သည်။ လွယ်လွယ်ကူကူပါပဲ။ သိပ်ပြဿနာမရှိပါ။ ကိုကြည်စိန် မှော်ထဲမှာ ငှက်ဖျားမိပြီးဆုံးတော့ မနွယ် မျက်ရည်မကျပါ။ ကိုကြင်စိန်အခန်း၊ အိမ်ထောင်ပရိဘောဂအပြည့်အစုံ၊ ဆိုင်ကယ်တို့ကို မနွယ် ရလိုက်သည်။ ထိုက်တန်သည်ဟု ထင်သည်။ ကျောက်ဝိုင်းထဲမှာ အပွင့်ကောက်သော မိန်းမတစ်ယောက် တိုးလာတာက လွဲလို့ လောကကြီးက ပြောင်းလဲမသွားပါ။ မနက်မနက်ဆိုလျှင် ဆိုင်ကယ်လေး လျောခနဲထိုးစိုက်ပြီး နေကာမျက်မှန်လေး အင်္ကျီရင်ဘတ်ကြားထိုးကာ ဟန်းဘတ်အိတ်ကလေးလွယ်ကာ မနွယ်မို့ ကျောက်ဝိုင်းအလယ်လမ်းအတိုင်း လျှောက်လာလျှင် နှုတ်ဆက်ချင်သူတွေ ပေါလှသည်။ ဒါက တင်ဟန်မောင်နှင့် မတွေ့ခင်အထိ ဖြစ်သည်။
`နွယ် ... ဒါက တင်ဟန်မောင်တဲ့။ တရုတ်ကုမ္ပဏီကြီးတစ်ခုက လူယုံပေါ့။ သူက အစီးလိုင်း များများကောက်လိမ့်မယ်။ နွယ့်ကို တမင်ဆုံပေးတာ´
မနွယ် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်စဉ်မှာပင် ရင်တဒိုင်းဒိုင်းခုန်သွားသည်ဟု ခံစားရသည်။ ငါ ယောက်ျာမတွေ့ဖူးတာမှ မဟုတ်ဘဲဟု မနွယ် စိတ်ဖြေကြည့်တော့လည်း မရ။ ဘယ်လိုဖြစ်မှန်းမသိ။ တင်ဟန်မောင်၏အကြည့်၊ တင်ဟန်မောင်၏ အယိမ်းအနွဲ့၊ ကုန်ကုန်ပြောရလျှင် ဟန်းဖုန်းကိုင်တာ၊ စီးကရက်မီးညှိတာ၊ လူကိုတွေ့တာနဲ့ မင်္ဂလာပါ မနွယ်ဟု ပြုံးပြီးနှုတ်ဆက်တာတွေက မနွယ်ကို တစ်ခုချင်း ဖမ်းစားနေသည်ဟု ထင်သည်။ တင်ဟန်မောင် အိတ်ထဲက ထွက်လာသည့်ငွေတွေနှင့် မနွယ် အားကြိုးမာန်တက် အပွင့်ကောက်သည်။
"နားပါဦး နွယ်ရယ်၊ မင်းနဖူးမှာ ချွေးလေးတွေကို သီးနေတာပဲ၊ ရော့ တစ်ရှူးနှင့် သုတ်လိုက်"
မနွယ်၏အိမ်မှာ တင်ဟန်မောင်က စားပွဲပေါ် လက်ထောက်ကုန်းငုံ့ပြီး တစ်ရှူးနှင့် ချွေးတို့ပေးသည်။ မနွယ်က ရီဝေသောမျက်လုံးများနှင့် မော့ကြည့်သည်။ တင်ဟန်မောင်က ဖျတ်ခနဲ ငုံ့နမ်းလိုက်သည်။ ပြီးမှ ...
"ဟင် ကလေးမ ရှိတယ်နော်"
"အို ... မိခိုင်က နွယ့်သဘောပါ၊ သိပ်စိတ်ချရတယ်၊ စကားလည်း မရှုပ်ဘူး"
"ဟုတ်လား ဒါဖြင့်"
မနွယ် နတ်ပြည်ရောက်သည်ဟု ကိုယ့်ကိုယ်ကို ယူဆသည်။ တင်ဟန်မောင်က အချီကြီးသမား၊ လူတိုင်းက လေးစားရသော ကုန်သည်ကြီး၊ သူ့ကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ဝင်။ မနွယ် မိုးမမြင် လေမမြင်ပျော်သည်။ ပျော်ရအောင်လည်း တင်ဟန်မောင်က အလိုလိုက် အကြိုက်ဆောင်သည်။ ကဖီးဂျေဂျေ၊ ကဖီးပီကာဆိုး၊ ကဖီးဘရောလီ၊ ဆီဒိုးနား၊ မန္တလေး ဟေးလ်ရီဆော့၊ ဧည့်ခံပွဲတွေ၊ တကယ့် လူကုန်ထံအသိုက်အဝန်းကို တင်ဟန်မောင်ခေါ်သွားမှ မနွယ်ရောက်ဖူးသည်။ ရောက်ဖူးတော့ ယစ်မူးလာသည်။ မနွယ်ဘဝတွင် အပျော်ဆုံးရွှေရောင်နေ့ရက်များပါပဲ။ မနွယ် လူတင်မက အသည်းနှလုံးကပါ တင်ဟန်မောင်ကို စွဲစွဲမြဲမြဲ ချစ်မိပြီထင်သော အချိန်တွင်မှ အချိန်ကိုက်ဗုံးဖောက်မည့်သူ ပေါ်လာသည်။
တရက် ကဖေးဂျေဂျေထဲမှာ ကပ်ပချီနိုတစ်ခွက်နှင့် ကော်ဖီပေါ်က အသည်းပုံ မလိုင်ဖတ်ကလေးတွေ လက်ညှိုးတထိုးထိုး လုပ်နေစဉ်...
"ဟန်ကြီးရေ"
အသံလေးက ချိုလှသည်။ တင်ဟန်မောင် မော့ကြည့်သည်။ မီးခဲကိုင်မိသလို တုန်သွားသည်။ သူ့အသံကြီးက လန့်စရာ။
"ဟာ ဘော့စ်"
လန့်ရလောက်အောင် မျက်နှာထား ဆိုးဆိုးကြီး မဟုတ်ပါ။ ချောလိုက်တာမှ မှုန်နေသည်။ ရယ်လိုက်တာ သွားဖုံးကလေးများပင် ရဲလို့။ မနွယ် ကြောင်နေသည်။ တင်ဟန်မောင်၏ပခုံးကို ကိုင်ပြီး တရုတ်ဘာသာနှင့် ရွှတ်ရွှတ်ယှက်ယှက်တွေ ပြောပြီး လှည့်ထွက်သွားတော့ စကပ်အနက်ကလေးအရွေ့မှာ ပေါင်ဖွေးဖွေးကလေးတွေကို မနွယ်မြင်လိုက်ရသည်။ တင်ဟန်မောင် တုန်တုန်ရီရီနှင့် မနွယ်ကိုတောင် နှုတ်မဆက်ဘဲ နောက်ပါးမှ အပြေးလိုက်သွားလိုက်တာ ဟန်းဖုန်းတောင် မေ့ကျန်ခဲ့သည့်အထိပါပဲ။ မသောက်ရသေးသော ကပ်ပချီနိုနှစ်ခွက်နှင့် ကျောက်ရုပ်တစ်ရုပ်လို မနွယ် ကျန်ရစ်ခဲ့သည်။ ကျောက်ရုပ်ဆိုတာ အသည်းနှလုံးမှရှိတာ မဟုတ်ဘဲလေ။ ဒါပေမယ့်ပေါ့။
"ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး"
မနွယ် မရှက်နိုင်ပါ။ ဟိုခင်ကို လျှောက်၍ လင်ပျောက်ကို ရှာသည်မှာ စုံနံသာမြိုင်ထက် လူများသော ကျောက်ဝိုင်းတစ်ဝိုင်းလုံး သိပါသည်။ တွေ့ရာလူကို အကူအညီတောင်းသည်။ ပြုံးသူပြုံး၊ မဲ့သူမဲ့။ တချို့က `ကျွတ် ကျွတ်´ဟု စုတ်သပ်သည်။ နောက်ဆုံးသတင်းအရ တင်ဟန်မောင်တို့ ရွှေလီမှာ ပွဲရုံထိုင်နေပြီတဲ့။ သူ့ကုမ္ပဏီက တင်ဟန်မောင်နေရာမှာ လူစားတစ်ယောက် လွှတ်လိုက်သည်။ မန္တလေးမှာ မနွယ်ဌာနမှ ခေတ္တယာယီ ပိတ်ထားပါတယ်ဟူသည့် ဖုန်းတစ်လုံးနှင့် ကျန်ခဲ့သည်။
မနွယ် မခံနိုင်ပါ။ မနွယ် မရှက်တတ်ပါ။ ဘာကိုမှ မကြောက်ပါ။ ဒါပေမယ့် အသည်းနှလုံးက ခံစားချက်က ဆိုးလှသည်။ ဘာမှ သံယောဇဉ်မရှိတဲ့ဘဝမှာ ဘာကို တွယ်တာမက်မောနေရဦးမှာလဲ။ မနွယ် စာတစ်စောင်ရေးသည်။ စာကို ယူပြီး ဆိုင်ကယ်နှင့် မိခိုင်ကိုခေါ်ကာ ဂေါဝိန်ဆိပ်သို့ လာခဲ့သည်။ ရေထဲခုန်ချပြီး သတ်သေတော့မည်။ နောက်ဆုံးအနေနှင့် တင်ဟန်မောင်အတွက် စာကို မိခိုင်ကို အပ်ခဲ့သည်။ တင်ဟန်မောင် ကြေကွဲပါစေ။ မျက်ရည်ကျပါစေ။ နောင်တရပါစေသား။
တောင်စွယ်တွင် နေကွယ်ပြီ၊ အချိန်ကျပြီ။ အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာနေပြီ။ တကယ့်ကို ညီအစ်ကို မသိတသိ ဝိုးတိုးဝါးတားအချိန် ရေက်ာလာပြီ။ ရေချိုးနေသူများ တစ်ယောက်မှ မရှိတော့။ သူနှင့်မိခိုင် နှစ်ယောက်သာရှိသည်။ မနွယ် အားတင်း၍ ထရပ်လိုက်သည်။ မိခိုင်ကို ကြိုပြောထားမှ ဖြစ်မည်။ နို့မဟုတ်ပါက သူက လန့်ဖြတ်အော်လိုက်လျှင် ကယ်မယ့်သူ ပေါ်လာနိုင်သေးသည်။ မနွယ် တကယ်ကို သေချင်နေတာမို့ အကယ်မခံချင်ပါ။
"မိခိုင် ဒီစာယူထား။ တင်ဟန်မောင်လာရင် ပေးလိုက်နော်၊ အခု ငါ ရေထဲခုန်ချပြီး သတ်သေမလို့"
"ရှင် မမ၊ ဟုတ်ကဲ့"
မနွယ် တအားအံဩသွားသည်။ မိခိုင်က ဝူးဝူးဝါးဝါးလန့်မအော်ရုံမက တားမြစ်ခြင်းပင် မရှိပါ။ ဒါပေမယ့် မနွယ် ဒီအချိန်မှာ ဂရုမစိုက်နိုင်တော့။ အမှောင်ထုက သိသိသာသာ အုံ့မိုးလာပြီမို့ ဖိနပ်ကလေးချွတ်ပြီး ရေထဲ လှမ်းဆင်းလိုက်သည်။ သွားတော့မယ် တင်ဟန်မောင်ရယ်။
"မမ ခဏ နေပါဦး"
"ဟင် ဘာလဲ"
လည်ပြန်ကြည့်ပြီး မနွယ် မေးလိုက်တော့ မိခိုင်က ထလာသည်။ သူ့ကို မနွယ် မော့ကြည့်နေရသလို ဖြစ်နေဆဲ
"မမ မသေခင် မမလည်ပင်းက ဆွဲကြိုးရယ်၊ လက်ကောက် ငါးရံရယ်၊ စိန်နားကပ်နှင့် စိန်လက်စွပ်ပါ ပေးထားခဲ့ မမ၊ ကျွန်မ ဆိုင်ကယ်ကလေးနဲ့ ပြန်ရုံပဲ"
ဆိုင်ကယ်သော့ တယမ်းယမ်းနှင့် မိခိုင်က တည်တည်ငြိမ်ငြိမ်ပြောသည်။
"ဘာ ... နင် .. နင်"
"ဟုတ်တယ်လေ။ မမ ဘာလုပ်မှာလဲ၊ ကဲ...ကဲ... ချွတ် ချွတ်"
"အမယ်လေး ဘုရား ....၊ နင် ငါ့ကိုများ လုပ်ကြံမလို့လား"
မနွယ် အံ့ဩလွန်းအားကြီး၊ ကြောက်လွန်းအားကြီး၍ အသံမထွက်တော့။ လေအေးလေးက တစ်ချက်သုတ်လိုက်၍ ကြက်သီးတွေ ဖြန်းခနဲထသွားသည်။ မိခိုင်ကို ကြည့်လိုက်တော့ ရေစပ်ကို ဆင်းလာပြီ။
မနွယ် ချက်ချင်းဆုံးဖြတ်ချက်ချပြီး မိခိုင်ဘေးမှဖြတ်၍ တာရိုးပေါ် ပြေးတက်သည်။ ကယ်ကြပါလို့ အော်ချင်ပေမယ့် အသံက မထွက်၊ တာရိုးလမ်းအတိုင်း ဖိနပ်မပါဘဲ ပြေးနေသည့်မနွယ်ကို လူတွေက တအံတဩ ကြည့်ကြသည်။
မိခိုင်ကတော့ အေးအေးဆေးဆေးပြန်တက်လာပြီး ရပ်၍ မျှော်ကြည့်နေသည်။ သူ ပြုံးနေသလား မသိပါ။ ခဏကြာတော့ ဂေါဝိန်သည် အမှောင်ထုထဲမှာ ငုပ်လျှိုးပျောက်ကွယ်သွားသည်။ ဧရာဝတီကတော့ သူ့ရင်ခွင်ထဲကို တစ်စုံတစ်ယောက် ခိုဝင်မလာသည့်အတွက် ဝမ်းနည်းသလား၊ ဝမ်းသာသလား၊ မပြောတတ်ပါ။
KMMT
ment လိုက်ပြီ
ဝမ်းနည်းသလား၊ ဝမ်းသာသလား၊ မပြောတတ်ပါ။
မိခိုင်ကနေ မနွယ်ကိုပြောလိုက်တဲ့ စကားလေးကြိုက်တယ် မသေခင် ရှိတာလေးပေးထားခဲ့ပါတဲ့ အဲဒီစကားလေးနဲ့ လူ့အသက်တစ်ချောင်း ကယ်လိုက်နိုင်တယ်
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
Vo like post