ဆယ်တန်းအောင်စာရင်းထွက်မယ်ဆိုတော့
ညကတည်းက ရင်တွေခုန်ပြီး အိပ်မရ...
စိတ်ကလည်း ဂနာမငြိမ်...
သူတစ်ယောက်တည်း ဖြစ်နေတာမဟုတ်...
ဖခင်လည်း ထိုနည်းတူစွာပင်....
လုံးဝ အောင်မည်လို့ တွေးထင်ထားသည့်ကြားက
စိတ်တွေက ပျံ့လွင့်နေသလို ဖြစ်ရသည်။
ဖခင်က လူကြီးမို့ တည်ငြိမ်စွာ စိတ်လှုပ်ရှားခြင်း
ဖြစ်လေမည် ၊
အိပ်ယာဝင်မည်ဆိုတော့လည်း အိပ်လို့ရမည်
မဟုတ်၊
သူငယ်ချင်းတွေဆီ ဖုန်းဆက်သည်
သူတို့လည်း အိပ်မရ ဟု ဆိုကြသည် ။
ဖခင်က အိပ်တော့ ဆိုလို့သာ အိပ်ယာဝင်ရသည်
၁၂ နာရီ ကျော်ပြီ ၊ အိပ်မရ ၊
ရေထ သောက်သည် ၊ ထိုင်နေကြည့်သည် ၊ မရ
ဒီလိုနဲ့ မနက်ပိုင်းသို့ ရောက်လာသည်၊
အောင်မည်ဟု တွက်ထားပြီးသားမို့
နည်းနည်းတော်တော့သည် ။
လမ်းပေါ်က လူသံတွေ ကြားရသည်
အောင်စာရင်းကြည့်ရန် ထွက်လာကြပြီ
မနက်စာ မုန့်စားပြီး ဖခင်နဲ့အတူ ထွက်ခဲ့သည်
ကျောင်းပေါက်ဝရောက်တော့ ကျောင်းသားတွေ
စုနေကြသည် ။
အောင်စာရင်းလည်း ကပ်ပြီးရော
လူအုပ်ကြီးက နေရာရွေ့သွားလေသည်
သူပါ လူအုပ်ကြား ကပ်ပါသွားသည် ။
ဖခင်က ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည်။
ကိုယ့်ခုံနံပါတ်နဲ့အမည်ကို ရှာကြည့်သည်။
မတွေ့....
စိတ်ထဲက မယုံချင်၍ နောက်တစ်ခေါက်ရှာသည်
မတွေ့သေး....
မျက်ရည်ပါ ဝဲသွားမိသည် ၊
တစ်ယောက်ချင်းလက်ထောက်ပြီး ဖတ်ကြည့်၏
ကိုယ့်အမည် မတွေ့....
ဘာလဲ...ဘာတွေလဲ...
ဘာလို့ ငါ့နာမည်မပါတာလဲ...
မျက်ရည်တွေ အလိုလို စီးလာသည်၊
လူကြားထဲမို့ အားတင်းထားလည်း မရ၊
အော်ဟစ်ပြီး ငိုချလိုက်ချင်စိတ်က ထိန်းမရ၊
လူကြားထဲက အထွက်...မှာ
သူငယ်ချင်းတစ်ယောက်က လှမ်းမေးသော်လည်း
ပြန်ဖြေဖို့ အင်အားမရှိတော့...
ပြုံးလျက် လှမ်းကြည့်နေသော ဖခင်ကြီးကို
လှမ်းကြည့်မိမှ ပိုဝမ်းနည်းရသည်
လုံးဝမျှောင့်လင့်သော အဖေကြီးလေ ....
ခေါင်းငုံ့ကာ ဖခင်ဆီ လျှောက်နေမိသည် ၊
သမီးအရိပ်အခြေကို ကြည့်နေသော အဖေ
အဖြေကို သိနေနှင့်ပြီးလောက်လေပြီ။
"အဖေကြီး....”
ပြေးဖက်ကာ အားရပါးရ ငိုမိတော့သည်။
" ဖေကြီး...သမီး...သမီးလေ...”
အသံက လည်ချောင်းထဲမှာ ဆို့နေသည်၊
ဖခင်ကြီးက ပြုံးမြဲ ပြုံးလျက်
" ဖေကြီး...နားလည်ပါတယ် သမီးရယ်...
သမီး ဘယ်လောက်ကြိုးစားတယ်ဆိုတာလည်း
ဖေကြီး...သိတာပဲ...
စာမေးပွဲဆိုတာ အောင်တာနဲ့ ကျတာ
နှစ်ခုပဲ ရှိတာပါ ၊ အောင်ရင် အောင်
မအောင်ရင် ကျတာ သဘာဝပဲ သမီးရဲ့
ဘာမှ ဝမ်းနည်းနေစရာ မလိုဘူး သမီး...
နောက်နှစ်လည်း ဖြေလို့ ရနိုင်သေးတာပဲ၊
နောက်နှစ်မှာ ဒီထက် အမှတ်ကောင်းကောင်းနဲ့
အောင်မြင်အောင် ကြိုးစားဖို့ အခွင့်အရေး
ရလိုက်တယ်လို့ပဲ ဖေကြီး ထင်တယ် ၊
သမီးလည်း ... အဲလိုပဲ သဘောလိုက်ပါ သမီး...”
" ဒါပေမယ့်...ဖေကြီးရယ် ....ဟင့်ဟင့်…”
" ငိုပါ...သမီး ၊ အားရအောင် ငိုချလိုက်နော်၊
ငိုပြီးရင် အားပြန်မွေးရမယ်...
လာမယ့်နှစ်မှာ ငါ့သမီးလေးက ဂုဏ်ထူးတွေနဲ့
အောင်ရမှာပေါ့ သမီးရယ်...
လာပါ...ပြန်ကြရအောင်နော်....။ ”
ဖေကြီးရဲ့ အားပေးစကားတွေက သမီးရဲ့
ရင်ထဲကို ရောက်သွားသည် ထင်သည် ။
ပြုံးယောင်သန်းလာတာ တွေ့ရသည် ။
"ရှေ့တိုးမယ့် ကျား, နောက်တစ်လှမ်း ဆုတ်”
ဆိုတဲ့ စကားလိုပဲပေါ့...
သမီးက သေချာတဲ့ အရာတစ်ခုကို ဆုပ်ကိုင်ဖို့
နောက်တစ်လှမ်းဆုတ်လိုက်တာလို့ ဖေကြီး
သိပါတယ်ကွယ်၊
လောကမှာ ကြိုးစားနေတဲ့သူတွေဟာ
တစ်နေ့ အောင်မြင်ကြရတာပါပဲ သမီးရယ်၊
သမီးသာ ကြိုးစားနေဖို့ လိုတာပါ ၊
လဲကျလို့ ပြန်မထဘူးဆိုရင် အဲဒီလူဟာ လူညံ့ပဲ၊
အခု သမီးက လဲမကျသေးဘူး ၊အခိုက်အတန့်
လေး ရပ်သွားတာ၊ ဒီတော့ ဆက်သွားဖို့ပဲ
လိုတယ် သမီး ... သမီးက တော်ပါတယ်ကွယ် ၊
ဖေကြီး...ယုံတယ်...၊
ကျရှုံးသွားလို့ ကြောက်လန့်တကြားနဲ့
လုံးဝ နောက်ဆုတ်သွားတာမျိုးကို
ဖေကြီး မလိုလားဘူး သမီးလေး...”
" ဟုတ်....ဖေကြီး...သမီး ကြိုးစားပါ့မယ် ”
"ဒါမှ ဖေကြီး...သမီးကွ...”
ဖခင်ကြီးရဲ့ ပြုံးနေတဲ့နှုတ်ခမ်းပေါ် ရေစက်လေး
လွင့်ခနဲ ကျသွားတာကို ဖခင်ကြီးသာ သိသည် ။
ချွေးလား...မိုးရေစက်လား...
ဒါမှ မဟုတ်......
ခြေချော်လက်ချော်ဖြင့် တက္ကသိုလ်ဝင်တန်း
စာမေးပွဲကြီးမှာ ကျရှုံးရသော ညီငယ် ညီမငယ်
များအတွက်ပါ.....
ထင်မှတ်ယုံကြည့်ပေမယ့် ဖြစ်မလာသောအခါ
စိတ်ပျက်အားငယ်တတ်သည်မှာ သဘာဝပါ
ကြိုးစားနေဖို့က အဓိကဖြစ်ပါတယ်
လေးစားလျက်